ကျောက်ဆည် ၂၂ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင်သုဿန်ဟောင်း မြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ပန္နက်တင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့ တက်ရောက်ခဲ့ကြသည်။

 

ယာဉ်ရပ်နားစခန်း ဆောက်လုပ်မည့်မြေနေရာအား ဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက မင်္ဂလာပန္နက်တော်များ ရိုက်ပေးခဲ့ကြသည်။ အဆိုပါကားကြီးဝင်း (ယာဉ်ရပ်နားစခန်း) သည် ယခင်ကျောက်ဆည်မြို့၏ သုဿန်မြေနေရာဖြစ်ပြီး အကျယ် (၂၀.၅၆) ဧကပေါ်တွင် အပိုင်း (၂) ပိုင်းခွဲကာ၊ အပိုင်း (၁) မြေနေရာတွင် ကုန်တင်တွဲကားအစီး (၁၀ဝ) ရပ်နားနိုင်သည့်နေရာ၊ စားသောက်ခန်းများ၊ လူနေပွဲရုံများ၊ ယာဉ်ပြင်အလုပ်ရုံများ၊ အဝေးပြေးယာဉ်များ ခေတ္တရပ်နားမည့်နေရာနှင့် တည်းခိုနားနေအဆောင်များ ပါဝင်ပြီး၊ အပိုင်း (၂) မြေနေရာပေါ်တွင် ဟော်တယ်များ၊ ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံနှင့် စက်သုံးဆီဆိုင်ခန်းများ ထည့်သွင်းတည်ဆောက်သွားနိုင်ရေး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် တင်ဒါအောင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ဆောက်လုပ်ရာတွင် အပိုင်း (၁) ရင်းနှီးမြှပ်နှံမှုအား စည်ပင်သာယာရေးနှင့် တင်ဒါအောင်ကုမ္ပဏီတို့မှ (၄၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်းဖြင့် (၁) နှစ်ကြာ ဆောက်လုပ်သွားမည်ဖြစ်ပြီး အပိုင်း (၂) အား (BOT) စနစ်ဖြင့် (၂) နှစ် စုစုပေါင်း (၃) နှစ်ကြာ တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)