ရန်ကုန် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်ဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီး (ဆင်ဖြူကျွန်းနှင့် မြေပဒေသာကျွန်း) ၌ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၄ ရက်ထိ ဖရဲ/သခွားမွှေးပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် တညင်းကုန်း လက္ကားဈေးကြီး တိုက်အမှတ် (၁၇/B) တတိယထပ်၌ ယနေ့ နံနက် ၁၀ နာရီကပြုလုပ်သော COVIC -19 ဗိုင်းရပ်စ်ကြောင့် လက်ရှိကြုံတွေ့နေရသည့် စိုက်ပျိုးတောင်သူများ အခက်အခဲကို စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “ကျွန်တော်တို့ ဖရဲနဲ့ သခွာမွှေး စိုက်ပျိုးတောင်သူတွေအနေနဲ့ တင်ပို့ရောင်းချနေတာ တရုတ်နိုင်ငံကို အဓိကတင်ပို့ဖြစ်ပါတယ်။ ယခင် ကားအစီးရေ (၁၀ဝ၀) နီးပါးရှိပေမဲ့ ယခု ၂၀၂၀ ခုနှစ် (၁၁) လပိုင်းကစပြီး (၁၀ဝ) လောက်ပဲရှိတော့တယ်။ တင်ပို့ရောင်းချရတဲ့ တန်ချိန် တော်တော်လေးကို ကွာသွားပါတယ်။ တောင်သူတွေအနေနဲ့လည်း ကားလမ်းတွေ ပိတ်တာနဲ့ အခက်အခဲဖြစ်သွားပါတယ်။ ဖွင့်တော့လည်း မသွားရဲကြဘူး။ ဒါကြောင့် ဖရဲ/သခွားမွှေးပွဲတော်ကို ကျင်းပဖြစ်တာပါ။ ဒီပွဲမှာ အသင့်စားသုံးနိုင်တဲ့ ဖရဲသခွာမွှေး အချောက်ကပ်၊ စည်သွတ်ဘူး၊ ဖျော်ရည် ထုတ်လုပ်ကုန်တွေ ရောင်းချပေးသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)


