ရန်ကုန် ၂၂ ဖေဖော်ဝါရီ

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၃၂)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာစီးပွားရေး အင်နီရှီတစ် (UMFCCI)၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

452

 

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် (၃)နှစ် (၃)လကျော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် “လုပ်ငန်းကော်မတီ (၅)ရပ်”ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ခဲ့ရာ ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံ ပြုတင်ပြချက် စုစုပေါင်း (၃၆၉)ချက်ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်” မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

အဆိုပါပြန်ကြားချက်များတွင် လုံး၀ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များ ရှိသကဲ့သို့ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက် “လုပ်ငန်းကော်မတီ (၅)ရပ်” မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့်  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး Public - Private Dialogue များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

နိုင်ငံတော်၏ စီးပွားရေ ဖွံဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့် ကုန်သွယ်ရေးကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိရာ “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏ”သည် အမေရိကန်ဒေါ်လာ (၃၅ ဒသမ ၁၄၇) ဘီလီယံရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇန်နဝါရီလ)အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၁၀၁) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ယင်းကုန်သွယ်မှုပမာဏတွင် “ပုဂ္ဂလိကကဏ္ဍ”မှ ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၂၉၅)ဘီလီယံ ပါဝင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် (၈၆ ရာခိုင်နှုန်း)အထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း။

 

နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်  “ကုန်သွယ်ရေးကဏ္ဍ” သာမက “ရင်းနှီးမြှုပ်နှံမှုကဏ္ဍ”ကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကြည့်လျှင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၉၄၃ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၉၆၄ ဘီလီယံရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်အနေဖြင့် ၁၆၇၆ ခုနှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၆၃ ဘီလီယံအပါအဝင် ငွေကျပ် ၂၀၂၃၂ ဒသမ ၇၂၀ ဘီလီယံရှိသည်ကို တွေ့ရပါကြောင်း။

 

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာတရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းမြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှု မြှင့်တင်ရန်အတွက် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ် အခြေခံပြီး “အစိုးရမူဝါဒဆိုင်ရာ လုပ်ငန်းကော်မတီ”၊ “ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာ လုပ်ငန်းကော်မတီ”၊ “ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ” နှင့် “အကောက်ခွန်လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ” တို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့” များကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အထူးအဖွဲ့များအနေဖြင့် “၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ” မှ “၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ” အထိဖမ်းဆီးရရှိမှုမှာ (၂၇၀၉)ကြိမ် ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄ ဒသမ ၁၆၂ ဘီလီယံဖမ်းဆီးနိုင်ခဲ့ပါကြောင်း။

 

8

 

Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်ကထုတ်ပြန်မည့် Doing Business 2021 Report  တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည့်အတွက် ကျန်ရှိသည့် (၂)လကျော်ကာလအတွင်း “သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ” အနေဖြင့် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ ကြိုးစားသွားရ မည်ဖြစ်ပါကြောင်း၊ “ဌာနဆိုင်ရာများ” အနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

 

ထို့အပြင် ကမ္ဘာ့ဘဏ်၏ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုကြသည့်အခါတွင် ဌာနဆိုင်ရာက ဖြေဆိုမှုထက် ပုဂ္ဂလိကကဏ္ဍက ဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်းဖြစ်သည့်အတွက် “ပုဂ္ဂလိကလုပ်ငန်းရှင်များ” အနေဖြင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို သိရှိပြီး စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးစေလိုပါကြောင်း၊ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်” အနေဖြင့်လည်း လိုအပ်နေသည့် ပံ့ပိုးချိတ်ဆက်မှုများကို ကူညီဆောင်ရွက်ပေးသွားရန် မေတ္တာရပ်ခံ ပြောကြားလိုပါကြောင်း။

 

Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ အရှိန်အဟုန်မြှင့်တင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်” မှ  Ease of Doing Business Task Force ဖွဲ့စည်းထားသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊  ၎င်းအဖွဲ့အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် ချိတ်ဆက်ပြီး အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက် သွားကြစေလိုပါကြောင်း။

 

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့်သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က Coronavirus Disease 2019 (COVID-19) ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အကျိုးသက်ရောက်နိုင်မည့် ကိစ္စရပ်များအပေါ် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Project Bank တည်ထောင်ထားရှိမှု အခြေအနေများ၊ ချေးငွေ ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာ ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသည့် အခက်အခဲတင်ပြချက်များကို လုပ်ငန်းကော်မတီ(၅) ရပ်အနေဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာတွေ့ဆုံ၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် “ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း” ဥက္ကဋ္ဌ ဦးကပ်ခင်းပေါင်၊  “မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များအသင်း” ဥက္ကဋ္ဌ ဒေါ်ခိုင်ဝေသွယ်၊ “မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်” ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းထွန်းနှင့်  “မြန်မာစီးပွားရေး အင်နီရှီတစ် (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့” အတွင်းရေးမှူး ဒေါ်ခိုင်ဝေသွယ်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

အဆိုပါ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

 

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်