mdn

၂၃ ဖေဖော်ဝါရီ

 

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ် (၂၀၂၀ ပြည့်နှစ်) အတွက် ဧရာဝတီလင်းပိုင်ကောင်ရေ သုတေသနစစ်တမ်းပြုလုပ်ရာတွင် ၇၉ ကောင် တွေ့ရှိပါသည်။ယခုတွေ့ ရှိမှုသည် ဆယ်စုနှစ် ၂ခုအတွင်း အများဆုံး တွေ့ရှိမှု ဖြစ်ပါသည်။

 

မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်အထိ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းကောက်ရာတွင် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ၁) တွင် ၂၈ ကောင်၊ ထီးချိုင့်- ကသာ- ရွှေကူ (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ် နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၉ ကောင်ကို သုတေသနပြုနိုင်ခြင်း ဖြစ်ပါသည်။

 

ယခုနှစ် ခရီးစဉ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်ရှိ ခရမ်းစပ်ကုန်း ကျေးရွာနှင့် ဂွေးပင်ကျေးရွာ၊ ဗန်းမော်မြို့နယ်ရှိ ရေနီကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရှော့တိုက်ငါးဖမ်းဆီးသော လှေ (စက်နှင့်ရှပ်တန်းပါ) ၇စီး၊ ရှော့ပိုက် ၁၀ လက်၊ ရှော့ဂေါ်တံ ၂၁ ချောင်း၊ ရှော့ပိုက် ၃ လက်၊ ရှော့ပုံး ၃လုံး၊ ဘက္ထရီအိုး ၂လုံး၊ အဆိပ်ချဖမ်းဆီးရာတွင် အသုံးပြုသော ဆေး ၂ဘူး၊ ဝါယာယာကြိုး ၂ ခွေ တို့ကို သိမ်းဆည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

၂၀၁၉ ခုနှစ် ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းကောက်ယူရာတွင် မန္တလေး မှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁) တွင် ၂၄ ကောင်၊ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၄ ကောင် နှင့် ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုသေနပြုနိုင်ခဲ့ခြင်းဖြစ်သည်။

 

၂၀၁၉ခုနှစ်တွင် ဧရာဝတီလင်းပိုင် ၃ ကောင် သေဆုံးပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ၁ ကောင် သေဆုံးခဲ့ပါသည်။ ဧရာဝတီလင်းပိုင် အကောင်ငယ်ပေါက်ဖွားမှုများကိုလည်း တွေ့ရှိခဲ့ရပါသည်။

 

၂၀၁၉ ခုနှစ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၂ ခုလုံးတွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးခရီးစဉ် ၄၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း ၄၇ရွာရှိ ဒေသခံပေါင်း ၄၉၄၄ ဦးကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

၂၀၁၉ ခုနှစ် တရားမဝင် ငါးဖမ်းဆီးမှုများ အရေးယူရာတွင် ရှော့တိုက်ငါးဖမ်းဆီးသောလှေ (စက်နှင့် ရှပ်တန်းပါ) ၂၉စီး၊ ရှော့ပိုက် ၂၃လက်၊ ရှော့ဂေါ်တံ ၂၄ချောင်း၊ ရှော့ချည်တိုပိုက် ၁၂လက်၊ ရှော့တရွက်ဆွဲပိုက်ဖောင် ၂ခု၊ ရှော့ပုံး ၂၀ လုံး၊ ဘက္ထရီအို ၂၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ ရှော့တိုက်ငါးဖမ်းဆီးသူ ၂ ဦးကို တရားစွဲဆိုနိုင်ခဲ့ပြီး ၊ ၆ ဦးကို ခံဝန်ကတိဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

ယခုနှစ် (၂၀၂၀ ပြည့်နှစ်) ဧရာဝတီလင်းပိုင်သုတေသနခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၏ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ၅ ဦး၊ ငါးလုပ်ငန်းဦးစီးဌာန ၏ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ ၃ဦး၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့မှ ၅ဦး နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ဝန်ထမ်းများလည်း ပါဝင်ဆောင်ရွက်ပါသည်။

 

Ref. WCS Myanmar

 

mdn