၂၃ ဖေဖော်ဝါရီ
ဆောင်းစိုက်နွေကြက်သွန်နီများကို ယခုနှစ် ဖေဖော်ဝါရီလလယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း ကြိုပေးတစ်ပိဿာ ၅၅၀ ကျပ်နှုန်း ဝယ်ယူနေသည်ဟု ပုလဲမြို့နယ် ညောင်ပင်သာရွာနေ ဆောင်းကြက်သွန် စိုက်ပျိုးနေသူကို ခင်မောင်မြင့်ထံမှ သိရသည်။
ဆောင်းစိုက်ကြက်သွန်နီများသည် သင်္ကြန်မတိုင် ဈေးကွက်သို့ ဝင်ရောက်လာနိုင်ရာ ကြိုပေးကြက်သွန် ရောင်းချပါက နှစ်လဝန်းကျင်သာ ငွေကြိုအသုံးပြု၍ရသည်ဟု ဆိုသည်။
ဥစိုက်မိုးကြက်သွန်နီများကို တော်သလင်းလဝန်းကျင် စိုက်ပျိုးပြီး အပင်သက်တမ်း နှစ်လခွဲ သုံးလဝန်းကျင်တွင် နုတ်သိမ်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။
၂၀၁၉ စက်တင်ဘာလကုန်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ဝယ်ယူမှုများလာကာ ဒီဇင်ဘာလ ၃ ရက်တွင် လှောင်ကြက်သွန်နီ အလုံးကြီး လက်ကားတစ်ပိဿာ ၃၆၀၀ ကျပ်နှုန်းအထိ ဈေးမြင့်တက်ခဲ့သည်။
မိုးကြက်သွန်နီအသစ်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်လာသော ဒီဇင်ဘာ ၃ ရက်တွင် အလုံးကြီး လက်ကားတစ်ပိဿာ ၃၂၀၀ ကျပ်နှုန်းအထိ ဈေးအမြင့်ရခဲ့သည်။ ၂၀၂၀ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဆိပ်ဖြူအလုံးကြီး လက်ကားတစ်ပိဿာ ၁၅၀၀ ကျပ်၊ မြစ်သား ၁၇၀၀ ကျပ်နှုန်း အသီးသီးရှိသေးသည်ဟု ဘုရင့်နောင် နေ့စဉ်ကုန်ဈေးနှုန်းစာရင်းနှင့်ပွဲ ရုံအချို့တို့မှ သိရသည်။
ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်တွင်မူ မိုးကြက်သွန်နီ လက်ကားတစ်ပိဿာ ဆိပ်ဖြူ ၅၀၀ ကျပ်၊ မြစ်သား ၈၅၀ ကျပ်နှုန်းသာရှိခဲ့သည်ဟု ဈေးနှုန်ဟောင်းများအရ သိရသည်။
သို့ဖြစ်ရာ ၂၀၁၉ မိုးကြက်သွန်နီ စိုက်ပျိုးသူများ ဈေးနှုန်းအမြင့်ရရှိခဲ့ပြီး နွေကြက်သွန်အသစ် ထွက်ပေါ်ချိန် မတ်လကုန်နှင့် ဧပြီလတို့တွင် ဆိပ်ဖြူလက်ကားတစ်ပိဿာ အလုံးသေး ၃၅၀ ကျပ်၊ အလုံးကြီး ၅၇၅ ကျပ်နှုန်း၊ မြစ်သား ၅၅၀ မှ ၈၅၀ ကျပ်အတွင်းသာ ဈေးနှုန်းရှိခဲ့သည်။ ယခုနှစ် ဆောင်းစိုက်ကြက်သွန်နီကို နတ်တော်လနှင့် ပြာသိုလဆန်းတို့တွင် မျိုးစေ့ချစတင်စိုက်ပျိုးခဲ့ပြီး ပြာသိုလဆန်း ၉ ရက်နေ့ ရွာသွန်းခဲ့သော မိုးကြောင့် ကြက်သွန်ခင်းများအတွက် အောင်မြင်အဆင်ပြေလာသည်ဟု ဆိုသည်။
၂၀၁၇ နှစ်ကုန်ပိုင်း ဆောင်းကြက်သွန် စိုက်ပျိုးချိန်တွင် ကြက်သွန်မျိုး တစ်ပြည်လျှင် ကျပ်တစ်သိန်းဝန်းကျင် ဝယ်ခဲ့ရသော်လည်း ယခုနှစ်တွင်မူ ကျပ်တစ်သောင်းဝန်းကျင်သာ ဝယ်ယူ၍ရလာသည်။
တစ်ဧကလျှင် မျိုးစေ့ ၃ ပြည်ဝန်းကျင်ဖြင့် ပျိုးထောင်ရသည်။ ပျိုးပင်သက်တမ်း ၄၅ ရက်မှ ရက် ၅၀ ဝန်းကျင်အကြာတွင် ဘောင်ဆွဲထားသော အခင်းတွင် ပြောင်းရွှေ့စိုက်ပျိုးရသည်။ မိုးစပါးရိတ်သိမ်းအပြီး ရိုးပြတ်ခုတ်ရန် ဒေသအခေါ် ဒိုလာခုတ်ရသည်။ တစ်နာရီဒိုလာခုတ်ခ ကျပ်နှစ်သောင်းခွဲနှုန်းဖြင့် တစ်ဧကလျှင် နှစ်နာရီဒိုလာခုတ်ရသည်။ ထပ်မံဘောင်ဆွဲရန် ဒိုလာတစ်နာရီထပ်မံခုတ်ရသည်ဟု သိရသည်။
ကြက်သွန်စိုက်ချိန်တွင် လုပ်သားတစ်ဦးလျှင် လုပ်အားခ တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ အတွင်း ပေးချေရသည်။ ကြက်သွန်စိုက်ပျိုးပြီး ၃ လနှင့် ၅ ရက် ၁၀ ရက်အကြာ နုတ်သိမ်းတတ်သော်လည်း ၃ လ ၂၀ ရက်ကြာမှ နုတ်လျှင် ကြက်သွန်အရည်အသွေး ကောင်းသည်ဟု သိရသည်။ ကြက်သွန်နုတ်ခ အမြိတ်ဖြတ်ခအတွက် လုပ်သားတစ်ဦးလျှင် ကြက်သွန်နီ ၇ ပိဿာနှုန်း တစ်ရက်လုပ်သားခအဖြစ် ရှင်းပေးရသည်။ တစ်ဧကလျှင် နုတ်ဖြတ်အတွက် လုပ်သား ၅၀ ဖြင့် လုပ်ကိုင်လျှင် တစ်ရက်ဝန်းကျင် လုပ်ကိုင်ရသည်။
ယခင်နှစ် ကြက်သွန်ခင်းတွင် လှေ့ပိုးကျ၍ တစ်ဧက ဒေသအခေါ် ၆ ယောက်စိုက်တွင် တစ်ယောက်စိုက်ကြက်သွန်နီ ပိဿာ ၅၀၀ ထွက်ရှိခဲ့သည်။ ယခုနှစ်တွင် မိုးရခြင်း ပိုးမကျခြင်းတို့ကြောင့် တစ်ယောက်စိုက်ကြက်သွန်နီ ပိဿာ ၁၀၀၀ ထွက်ရှိနိုင်မည်ဟု ကိုခင်မောင်မြင့်ကဆိုသည်။
မြေငှားစိုက်ရာတွင် တစ်ဧကလျှင် ဒေသအခေါ် ကုလားပဲ ၆ တင်းနှုန်း မြေငှားခပေးချေရရာ ယခုပေါက်ဈေးအရ ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် ကျသင့်သည်။ ကြက်သွန်မြေငှားစိုက်ရာတွင် မြေငှားခ ပျိုးဖိုးလုပ်သားခ ထွန်ယက်ဘောင်ဆွဲခ ပျိုးခင်းရေတင်စရိတ် မြေဆီနှင့် ဆေးဖိုးအပါအဝင် တစ်ဧကစိုက်ပျိုးကုန်ကျစရိတ် ၁၂ သိန်းဝန်းကျင်ရှိသည်ဟု သိရသည်။ ပျိုးခင်းရေတင်ရာတွင် ၇ ကြိမ် ရေတင်ရသည်။
ယခုနွေကြက်သွန် ငွေကြိုပေး တစ်ပိဿာ ၅၅၀ ကျပ်နှုန်းရှိရာ ကြက်သွန်ထွက်ပေါ်ချိန် ငွေကြိုမယူထားပါက ကျပ် ၈၀၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်မည်ဟု နွေကြက်သွန်စိုက်ပျိုးသူ အများစုက မျှော်လင့်နေကြသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မိုးနှင့်ဆောင်း ကြက်သွန်နီစိုက်ပျိုးဧက တစ်သိန်းခုနစ်သောင်းဝန်းကျင် အထွက်တန်ချိန် ဆယ်သိန်းဝန်းကျင်ရှိပြီး ပြည်ပသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အများဆုံးအဖြစ် တန်ချိန် ၆၆၇၁၃ တင်ပို့ခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အပို့ရှိလာသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ကြက်သွန်နီ ၈၄၈၃၂ တန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်စနှစ်လခွဲဝန်းကျင်တွင် တန်ချိန် ၁၉၄၇၂ အထိ တင်ပို့နိုင်ခဲ့သည်ဟု သက်ဆိုင်ရာမှ အသိပေးမှုမှ သိရသည်။
ကြက်သွန်နီစိုက်ပျိုးရာတွင် အခြားသီးနှံများထက် အကျိုးအမြတ်ပိုရ၍ မုံရွာဒေသတွင် ကြက်သွန်နီစိုက်ပျိုးမှု များပြားလာပြီး မုံရွာကြက်သွန်နီမှာ ရန်ကုန်ဈေးကွက်တွင် အခြားနယ်ထွက် ကြက်သွန်နီများထက် ဈေးနှုန်းပိုပေးဝယ်ရသည်ဟု မြစ်ဝကျွန်းပေါ်ဒေသသို့ ကုန်ဝယ်ပို့နေသူ အဝယ်တော် ဇော်ထွန်းက ဆိုသည်။
သတင်း- ခင်ဆိုင်


