ပဲခူး ၂၃ ဖေဖော်ဝါရီ

တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက တောင်ငူခရိုင်အတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၀) အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက် တောင်ငူခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်လွင်မှ မြို့နယ်အလိုက် စိစစ်ရမည့် အမှုတွဲများနှင့် သိမ်းဆည်းမြေဆိုင်ရာ ကိစ္စရပ်များအား ဖတ်ကြားရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တောင်ငူခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပြီး ရေတာရှည်မြို့နယ်မှ (၉)မှု၊ ထန်းတပင်မြို့နယ်မှ (၁)မှု၊ အုတ်တွင်းမြို့နယ် (၁)မှုတို့အပြင် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာနေ တောင်သူဦးသန်းကျော်ပါ (၄)ဦး၏ တင်ပြတိုင်ကြားစာ၊ တောင်ငူမြို့နယ် ပဒဲကျေးရွာနေ ဦးသိန်းတန်၏ တင်ပြတိုင်ကြားစာနှင့် ထန်းတပင်မြို့နယ် ကြို့ပင်သာကျရွာနေ ဦးချစ်မင်း (ခ) မောင်အေးလှိုင်၏ တိုင်ကြားစာတို့အား စစ်ဆေးမှုပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)