ကလိန်အောင် ၂၃ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် ယခုနှစ် သီဟိုဠ်စေ့ စတင်ထွက်ချိန်တွင် ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်းနေကြောင်း ကလိန်အောင်မြို့ရှိ သီဟိုဠ်သီးပင် စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
"မနှစ်ကတော့ အခု ဖေဖော်ဝါရီလပိုင်း သီဟိုဠ်စေ့ စတင်ထွက်ချိန်ဆိုရင် ဈေးနှုန်းမှာ တစ်ပိဿာကို ငွေ ၃၂၀၀၊ ၃၅၀၀ ကျပ် လောက်ရတယ်။ ဒီနှစ်ကျတော့ စထွက်ချိန်ကတည်းက တစ်ပိဿာကို ငွေ ၂၀၀၀၊ ၂၂၀၀ ကျပ်လောက်ပဲ ဈေးရရှိပါတယ်" ဟု ကလိန်အောင်မြို့ရှိ သီဟိုဠ်စေ့ ရောင်းချနေသူတစ်ဦးက ပြောသည်။
ကလိန်အောင်မြို့၏ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်ဖြစ်သော သီဟိုဠ်စေ့မှာ ရာသီသီးနှံဖြစ်ပြီး ဖေဖော်ဝါရီလမှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ မတ်လပိုင်းတွင် သီဟိုဠ်စေ့ လှိုင်လှိုင်ပေါ်သည့်အချိန် ဖြစ်ကြောင်း၊ သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ကလိန်အောင် မြို့ရှိ သီဟိုဠ်စေ့ အရောင်းအဝယ်ဒိုင်မှ သိရသည်။
"အခုဒီနှစ်ကျတော့ တရုတ်ပြည်က အခြေအနေကြောင့် ဝယ်ယူတာနည်းတော့ ဈေးကွက်က မကောင်းဘူးလေ၊ အစကဆို သီဟိုဠ်စေ့ တစ်ပိဿာကို ငွေ ၁၈၀၀ ကျပ်ပဲရတယ်၊ အခုမှာ ဈေးက ၄၀၀ နီးပါးလောက် နည်းနည်း တက်သွားတာ" ဟု ကလိန်အောင်မြို့ရှိ သီဟိုဠ်စေ့ အရောင်းအဝယ်ဒိုင်တစ်ဦးက ပြောသည်။
ကလိန်အောင်ဒေသထွက် သီဟိုဠ်စေ့ကုန်ကြမ်းများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့တာဖြစ်ပြီး ရန်ကုန်က အဝယ်ဒိုင်ကြီးတွေက ပြင်ပနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သီဟိုဠ်သီးအပင်များကို ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများဖြစ်သော ကျောက်ရှပ်ကျေးရွာ၊ မိကျောင်းလှောင်း၊ မရမ်းချောင်း၊ ရာဖူး၊ ရေပုံး စသည့် ကျေးရွာများတွင် ဒေသထွက်ကုန်တစ်ခုအဖြစ် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)


