တောင်ငူ  ၂၃  ဖေဖော်ဝါရီ

တောင်ငူမြို့ ဆောထိသော ဘုရားကျောင်းဝန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ငူခရိုင် တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှဦးဆောင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တောင်ငူခရိုင်အတွင်း တိုင်းရင်းသား စကောကရင် စာပေသင်ကြားမှုသုံးသပ်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ငူမြို့နယ် တိုင်းရင်းသား စကောကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက စောထူးဘလပ်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းသေကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားအရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားစာပေ သင်ကြားရေးလုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီး၊ ထန်းတပင်၊ ဖြူး၊ အုတ်တွင်း၊ ရေတာရှည်၊ တောင်ငူမြို့နယ်များမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသား စကောကရင် စာပေသင်ကြားမှု အ‌ခြေအနေများကို သုံးသပ်တင်ပြကြသည်။

ယင်းနောက် တောင်ငူခရိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စောကော်စေးဟဲမှ တက်ရောက် လာကြသည့် တာဝန်ရှိသူများနှင့် တောင်ငူခရိုင်အတွင်း တိုင်းရင်းသား စကောကရင် စာပေသင်ကြားနေသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများထံ အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တောင်ငူမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နော်ဂဲစတာမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် တိုင်းရင်းသား စကောကရင်စာပေ သင်ကြားနေသည့် အခြေခံပညာကျောင်း ၁၃၆ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၁၅၄၇၄ ဦး၊ သင်ကြား ပြသသည့် ဆရာ ဆရာမ ၄၀၁ ဦးရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)