မန္တလေး ၂၃ ဖေဖော်ဝါရီ
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်ကြီးများကို ပေ ၁၅၀ ထက်ပို၍ ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေးကော်မတီမှ သိရသည်။
“ လမ်းလျှောက်သင်္ကြန်မှာ စင်တွေလည်း မထိုးရဘူး။ သတ်မှတ်ထားတဲ့ နေရာလေးအတွင်းမှာ ယဉ်ယဉ်ကျေးကျေး အေးအေးလူလူ ရေကစားဖို့အတွက် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက စတုဒီသာမဏ္ဍပ်တွေလည်း လမ်းလျှောက်သင်္ကြန်မှာ အရင်လိုဘဲ ရှိပါလိမ့်မယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ အာဇာနည်လမ်းပေါ်တွင် ယခင်နှစ်များကဲ့သို့ ကျင်းပသွားမည်ဖြစ်ပြီး ရေပက်ကစားနိုင်မည့် နေရာများကို ၂၀၁၉ ခုနှစ်ကဲ့သို့ ပေ ၃၀ အကျယ် ၁၅ သိန်းကျပ်၊ ပေ ၂၀ အကျယ် ၁၀ သိန်းကျပ်နှင့် ပေ ၂၀ အကျယ် ၁၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“အရင်နှစ်တွေတုန်းက ရေပက်မဏ္ဍပ်ကြီးတွေကို ပေ ၁၀၀ ပဲသတ်မှတ်ထားပေမယ့် တချို့တွေက နည်းနည်းလေး ဒဏ်ရိုက်ခံမယ် ဆိုပြီးတော့ တိုးပြီးလုပ်တာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဒီနှစ် ကျွန်တော်တို့အများဆုံး သတ်မှတ်ထားတာက ပေ ၁၅၀ ထိ ခွင့်ပြုမယ်။ သို့သော် ပေ ၁၅၀ ထက်ကျော်ပြီးတော့ အကြီးကြီးလုပ်တယ်။ ဒါမှမဟုတ် တိုးမယ်ဆိုရင်တော့ ဒဏ်ကြေးကို တစ်ပေကို ငါးသိန်းထိ ဒဏ်ရိုက်ဖို့အတွက် တိုင်ပင်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် အဓိကတော့ သိပ်ပြီးအများကြီး လျှောက်မလုပ် စေချင်တာပါ” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့တော် သင်္ကြန်ကို ကျုံးဘေးအပြင် မနော်ရံမ္မံသင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများနှင့် သံချပ်ပြိုင်ပွဲများ ထည့်သွင်းရန် စီစဉ်ထားပြီး သင်္ကြန်လာလည်သူများ အစားအသောက် အဆင်ပြေစေရန် ကျုံးအနောက်ဘက် လမ်း ၈၀၊ ၂၂ လမ်းမှ ၂၅ လမ်းအတွင်း စားသောက်ဆိုင်တန်းကို နေရာချထားပေးရန် စီစဉ်ထားရှိပြီး ကျုံးပလက်ဖောင်းအတွင်း လျာထားနိုင်သည့် အရေအတွက်အထိသာ ထားပေးသွားမည် ဖြစ်သည်။
၂၀၁၇ ခုနှစ်မှ စ၍ မန္တလေးမြို့တော်သင်္ကြန်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပနိုင်ရန် မန္တလေးကျုံးတောင်ဘက်တွင် မန္တလေးမြို့၏ လမ်းလျှောက်သင်္ကြန်ကို ကျင်းပခဲ့ရာ ပြည်သူများ နှစ်ခြိုက်သဘောကျ အားပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ် သင်္ကြန်အချိန်တွင် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ လမ်းလျှောက်သင်္ကြန်များကို ကျင်းပဆင်နွှဲလာကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်/ဆက်)


