မတ္တရာ  ၂၃  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာများလှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တောကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့သို့ ထောက်ပံ့လှူဒါန်းရာတွင် နေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်း အတွင်းရေးမှူး ဦးအောင်မော်မှ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသင်းသား အသင်းသူများနှင့် အလှူရှင်များမှ ငွေကျပ် ၈၆၆၈၅၀ တန်ဖိုးရှိ လွယ်အိတ်၊ စာအုပ်နှင့် စာရေးကိရိယာများအား ကျောင်းသား ကျောင်းသူ ၁၆၈ ဦး၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်။

 

“ကျွန်တော့်အနေနဲ့ဆိုရင် ဒီလိုအများကြီး မလှူဒါန်းနိုင်တဲ့အတွက် နေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်းမှာ လစဉ် အလှူငွေ ထည့်ဝင်ပါတယ်လစဉ်ကလေးတွေ လက်ဝယ်အရောက် လှူဒါန်းရတဲ့အတွက် ပီတိဖြစ်မိပါတယ်ဟု အဆိုပါ အသင်းမှ အလှူရှင်တစ်ဦးက ပြောသည်။

 

ပညာရေးထောက်ပံ့အသင်းသည် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများ၊ အခြေခံပညာ မူလတန်းလွန် ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာ သင်တန်းများသို့ လစဉ် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)