ကနီ ၂၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောကြားချက်အရ သိရသည်။
“အလောင်းတော်ကဿပကို ညအိပ်ပြီးလာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ နေထိုင်တည်းခိုရေး အဆင်ပြေစေဖို့ လူ ၄၀ဝ၀ ကျော်လောက် တစ်ပြိုင်နက်တည်း တည်းခိုနိုင်တဲ့ လူသုံးဆယ်၊ လူတစ်ရာ၊ တစ်ရာငါးဆယ်ဆံ့တဲ့ တည်းခိုဆောင် ၄၅ လုံး စီစဉ်ပေးထားတယ်၊ အားလုံး အခမဲ့တည်းခိုနိုင်ပါတယ်၊ ညအိပ်လာရောက်ကြတဲ့ ဘုရားဖူးတွေက တည်းခိုနေရာချထားရေးကို သတင်းပို့တာနဲ့ နေရာစီစဉ်ပေးတယ်၊ တည်းခိုရိပ်သာတွေမှာ နေရာမရှိတော့ရင်လည်း သီးခြား စီစဉ်ထားတဲ့ တည်းခိုဇရပ်တွေမှာလည်း တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်၊ ဘုရားဖူးဝင်ရောက်မှုအနေနဲ့ နေ့ကြီးရက်ကြီး တွေမှာတောင် ဘုရားဖူးဧည့်သည်က သိပ်မရှိဘူး၊ ရုံးဖွင့်ရက်တွေဆို ညအိပ်ဘုရားဖူးဧည့်သည်က အများဆုံး (၁၀ဝ)ဦး ဝန်းကျင်လောက်ရှိပြီး အနည်းဆုံး (၃၀)ဦးလောက်ပဲရှိတယ်၊ အခုနှစ် ဘုရားဖူးရာသီမှာတော့ (၅)နှစ်တာကာလအတွင်း ဘုရားဖူးဧည့်သည်ဝင်ရောက်မှု အတော့ကို နည်းတယ်၊ နေ့ချင်းပြန်လာကြတဲ့ ဘုရားဖူးဧည့်သည်က ပိုပြီးများတယ်”ဟု အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောသည်။
ယခုနှစ်ဘုရားဖူးရာသီ ဘုရားဖူးဧည့်သည်ကားများ ဝင်ရောက်မှုအနေဖြင့် နေ့ချင်းပြန်ဘုရားဖူး မော်တော်ယာဉ်များနှင့် ညအိပ် ဘုရားဖူးဧည့်သည် မော်တော်ယာဉ်ဝင်ထွက်မှုစာရင်းအရ အများဆုံးရက်တွင် အစီးရေ ၁၅၀ ခန့်သာရှိပြီး အနည်းဆုံးရက်တွင် မော်တော်ယာဉ်အစီးရေ ၆၀ ခန့်သာ ဝင်ရောက်မှုရှိခဲ့ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


