နေပြည်တော်  ၂၃   ဖေဖော်ဝါရီ

ပထမ (၁၀)နှစ် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး ဘက်စုံစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံတော်သမ္မတ၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် အင်းလေးကန် ရေဝေရေလဲဧရိယာရှိ သစ်တောများ ပျက်စီးပြုန်းတီးမှု များပြားနေသည့်အတွက် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး ဆောင်ရွက်ရန် ပထမ (၁၀)နှစ် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး ဘက်စုံစီမံကိန်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကို ရေရှည်စီမံကိန်းအဖြစ် နှစ်(၃၀)ရည်မှန်းကာ ရေးဆွဲသွားရမည်ဖြစ်ပြီး ပထမ(၁၀)နှစ်အဖြစ် ၂၀၂၀ - ၂၀၂၁ ခုနှစ်မှ ၂၀၂၉ - ၂၀၃၀ ခုနှစ်အထိ ရေးဆွဲရန် လိုအပ်ကြောင်း၊ အဆိုပါ စီမံကိန်း လုပ်ငန်းများတွင် သစ်တောဦးစီးဌာနမှ ရေးဆွဲဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ သစ်တော များ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP) လုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်အောင် ထည့် သွင်းရေးဆွဲသွားရန်နှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် လိုအပ်မည့်အချက်အလက် များကို ထည့်သွင်းရေးဆွဲရေးနှင့် ယခင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဘကောင်းက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား ရေဝေရေလဲဒေသနှင့် မြေယာထိန်းသိမ်းရေး ဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် အစည်းအဝေးတက်ရောက် လာကြသူများက အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး ဘက်စုံစီမံကိန်းရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တင်ပြချက်များအပေါ်မှ ပေါင်းစပ်ညှိနှိုင်းပေးသည်။

(သတင်းစဉ်)