ရန်ကုန် ၂၃ ဖေဖော်ဝါရီ
ဟင်္သာတအသင်း၏ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို ဗိုလ်တထောင်မြို့နယ်ရှိ ဟင်္သာတအသင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ဟင်္သာတအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်းဝင် အသက် (၈၀) နှစ်အထက် အဘိုး၊ အဘွားများကို လှူဖွယ်ပစ္စည်းများနှင့် ပူဇော်ကန်တော့ကြသည်။
ထို့နောက် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဗိမာန် စာမူဆုရ စာရေးဆရာ ဇော်လွင်ဦး(ဟင်္သာတ)နှင့် ၂၀၁၉ ပညာသင်နှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အသင်းဝင်သားသမီးများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ယင်းနောက် ဟင်္သာတမြို့နယ် ယုန်သလင်းရွာတွင် မန်းဘခိုင်ဆေးရုံ တည်ဆောက်ရေးအတွက် ဆရာမကြီး(ငြိမ်း) ဒေါ်သန်းစီက ငွေကျပ်သိန်း (၂၀) ကို ဆေးရုံဆောက်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမန်းမြင့်ဆိုင်နှင့် ဘဏ္ဍရေးမှူး ဦးဌေးအောင် တို့ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားအတည်ပြုပြီး အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။
ရန်ကုန်မြို့ ဟင်္သာတအသင်း၏ သက်တမ်းမှာ နှစ်ပေါင်း(၆၀)ကျော် သက်တမ်းရှိပြီး ဟင်္သာတမြို့၏ လူမှုရေးကိစ္စများကို ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတချစ်သူများ စုစည်းပေါင်းဆုံရာနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
(ရတီ)


