ရန်ကုန်  ၂၃   ဖေဖော်ဝါရီ 

ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်နိုင်ရေး၊ ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လက်တွေ့ကျွမ်းကျင်မှု (Soft Skill နှင့် Hard Skill) လိုအပ်ချက်များဖော်ထုတ်နိုင်ရေး၊ ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစား တစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့်သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ (Technical and Vocational Education and Training–TVET)ကို တာဝန်ယူ၍ ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်သူများရရှိရန် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

 

a

 

ယနေ့ခေတ်သည် နည်းပညာပိုမိုမြင့်မားလာသည်နှင့်အမျှ အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပါကြောင်း၊ အတတ်ပညာကျွမ်းကျင်မှု Skills ရရှိထားမှသာ ဝင်ငွေကောင်းသော အလုပ်အကိုင်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အသွေးပြည့်ဝသော ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ဦးတည်ကာ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၆-၂၀၂၁ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ပုံမှန်အင်ဂျင်နီယာသင်တန်းများ ပေးအပ်လျက်ရှိသကဲ့သို့ ချက်ချင်းအလုပ်အကိုင်ရရှိရေးအတွက် အထောက်အကူပြုစေမည့် ဒေသနှင့်ကိုက်ညီသော ကာလတိုသက်မွေးပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင်း သက်မွေးပညာသင်တန်းကျောင်းများအဖြစ် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် အောင်လက်မှတ်များပေးအပ်သည့် ပုံမှန်အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းများ ပေးအပ်လျက် ရှိပါကြောင်း၊ ထို့ပြင် Motorbike Repair သင်တန်း၊ Dress Making သင်တန်း၊ အခြေခံ စက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အမျိုးသမီးဆံပင်ညှပ်အလှပြင်သင်တန်း၊ သံဂဟေနှင့် စတီးဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းတို့ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

a

 

ထို့နောက် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကရင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ပညာရေးကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နှီးနှောဖလှယ်ပွဲကို အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဘားအံတက္ကသိုလ်သို့  ရောက်ရှိပြီး ဘားအံ တက္ကသိုလ်မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)