စစ်ကိုင်း ၂၃ ဖေဖော်ဝါရီ
သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၅၄)နှစ်အရွယ် ထိုင်လျက်သီတင်းသုံးနေသည့် ပုံတူကြေးသွန်းရုပ်တုအား ဖေဖော်ဝါရီ(၂၃)ရက်(တပေါင်းလဆန်း ၁ ရက်)နေ့တွင် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စတင်အပူဇော်ခံထားရှိကြောင်း သိရသည်။
အဆိုပါကြေးသွန်းရုပ်တုအား မန္တလေးမြို့ တမ္ပဝတီရပ်ရှိ ပြည့်ဝကြေးသွန်းလုပ်ငန်းမှ တာဝန်ယူထုဆစ်သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး အမြင့်သုံးပေခွဲရှိကာ ကြေးပိဿာချိန်(၃၀၀)ခန့်သုံးစွဲ၍ ဆရာတော်ကြီး၏ သက်တော်(၈၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တပေါင်းလပြည့်နေ့တွင် ဖွင့်လှစ်နိုင်ရန် လေးလနှင့်အပြီးဆောင်ရွက်ခဲ့ကြောင်း ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်မိုးက ပြောသည်။
"ဆရာတော်ကြီးရဲ့ ပုံတူကြေးသွန်းရုပ်တုကို ပြီးခဲ့တဲ့နှစ် (၁၀)လပိုင်းကစပြီး သံအမာခံနဲ့ ပုံကြမ်းကို မြေသားစကိုင်ပြီးတော့ ပုံတူကြေးရုပ်တုသွန်းခြင်းအပြီးသတ်မှုကိုတော့ ဒီလ (၂၂) ရက်နေ့မှာ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ဒီနေ့တပေါင်းလဆန်းတစ်ရက်နေ့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ထားရှိပူဇော်နိုင်ဖို့ စစ်ကိုင်းကိုပင့်ဆောင်ခဲ့တာပါ။"ဟု ၎င်းကပြောသည်။
ဆရာတော်ကြီး၏ပုံတူကြေးသွန်းရုပ်တုကို နိုင်ငံတကာတက္ကသိုလ်များတွင် တက္ကသိုလ် စတင်တည်ထောင်သူပုဂ္ဂိုလ်၏ပုံတူကို အမှတ်တရအဖြစ် ထားရှိသည့် အစဉ်အလာဓလေ့အတိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်တည်ထောင်သည့် ဆရာတော်ကြီး၏ပုံတူကိုလည်း ၎င်းတက္ကသိုလ်တွင် ထားရှိပူဇော်နိုင်ရန် ရည်ရွယ်၍ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင် ဦးဆောင်သည့် ပန်းဆယ်မျိုးဝင် မြန်မာ့လက်မှုပညာရှင်များမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
"ဆရာတော်ကြီးရဲ့ပုံတူကြေးသွန်းရုပ်တုကို ပထမအကြိမ်အနေနဲ့ သပိတ်အိုင်တောရမှာ တောရဆောက်တည်နေတဲ့ ရဟန်းပျိုအရွယ် မတ်ရပ်ပုံတူကိုသွန်းလောင်းပြီး စစ်ကိုင်းမြို့မှာရှိတဲ့ ကမ္ဘာ့ဝိပသနာအကယ်ဒမီမှာ ထားရှိပူဇော်ခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက်အနေနဲ့ ယခုသွန်းလောင်းတဲ့ပုံတူကတော့ ဆရာတော်ကြီးက သူသင်ကြားတတ်မြောက်ထားတဲ့ ဗုဒ္ဓ၏ အဆုံးအမတရားတော်တွေကို အများပြည်သူကို စတင်ဟောကြားဖို့ စစ်ကိုင်းမြို့ကို ကြွရောက်ပြီး သဒ္ဓမသီရိချောင်မှာ သီတင်းသုံးစဉ်က ဓာတ်ပုံရိုက်ကူးထားခဲ့တဲ့ သက်တော်(၅၄)နှစ်အရွယ်အတိုင်း ပုံတူကြေးသွန်းပြီးထုဆစ်ခဲ့တာပါ။ ကုန်ကျငွေကတော့ လှူဒါန်းတာဖြစ်တဲ့အတွက် မတွက်ချက်ထားပါဘူး။ တပေါင်းလဆန်းတစ်ရက်နေ့ဟာ ဗုဒ္ဓကျမ်းတွေအရ ကမ္ဘာမှာ နေနှင့်လပေါ်ထွန်းခဲ့တဲ့ အလွန်မင်္ဂလာရှိတဲ့နေ့ဖြစ်တယ်။ ဒါကြောင့်သူ့ရဲ့ ပုံတူရုပ်တုကို တပေါင်းလဆန်းတစ်ရက်နေ့ နံနက်ပိုင်းအမီ ဗုဒ္ဓတက္ကသိုလ်မှာထားရှိဖို့ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ဒီနေ့ဆောင်ရွက်ခဲ့တာပါ။ ပုံတူကြေးသွန်းရုပ်တုထားရှိပူဇော်တဲ့ အထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ ဆရာတော်ကြီးရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။"ဟု မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောသည်။
ဆရာတော်ကြီး၏ ယခုပုံတူကြေးသွန်းရုပ်တုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ပရိဝုဏ်အတွင်း၌ မြေပြင်မှ သုံးပေအမြင့်ရှိ ကြမ်းခင်းပေါ်တွင် ကြာမှောက်ကြာလှန်ခုံတစ်ခုထားရှိပြီး ယင်းခုံပေါ်တွင် ဆရာတော်ကြီး၏ပုံတူအား အပူဇော်ခံထားရှိကာ ရုပ်ထုအောက်ခြေတွင် ခြင်္သေ့ရုပ်ရှစ်စီးနှင့်ရေပန်းများ၊ ဘေးပတ်လည်ထောင့်လေးထောင့်တွင် အာသောကကျောက်တိုင်လေးတိုင်နှင့် ခြင်္သေ့လေးစီးတို့ကို မြန်မာ့ယဉ်ကျေးမှုနှင့် အိန္ဒိယယဉ်ကျေးမှုလက်ရာဟန်များဖြင့် ပေါင်းစပ်ထုဆစ်၍ ဝိုင်းရံထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


