ရန်ကုန် ၂၄ ဖေဖော်ဝါရီ
မြန်မာနိုင်ငံမှ ဂိမ်းကစားခြင်းကို စိတ်ပါဝင်စား ကြိုက်နှစ်သက်သူများအတွက် အဆင့်အမြင့်ဆုံး ဂိမ်းကစားမှု အတွေ့အကြုံများကို ပေးအပ်နိုင်ရန်နှင့် ပိုမိုအဆင့်မြင့်မားသော ဂိမ်းနည်းပညာများ၊ ဂိမ်း ကစားမှု အတွေ့အကြုံများ ဖန်တီးပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုံရိပ်ယောင် (Virtual Reality - VR)နည်းပညာ အသုံးပြု ဂိမ်းစင်တာ VR Zone ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ The Central Boulevard ၌ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။
The Central Boulevard ၌ တည်ရှိသည့် အဆိုပါ VR Zone ဂိမ်းစင်တာသစ်တွင် ဇုန်လေးခု ပါရှိမည်ဖြစ်ပြီး VR Zone တွင်ရှိသည့် ဂိမ်းများသည် ၃၆၀ ဒီဂရီ VR နည်းပညာများဖြင့် လာရောက် ဆော့ကစားသူများအား ပြင်ပတွင် အမှန်တကယ် ဖြစ်နေသကဲ့သို့ ထင်မှတ်ရစေမည့် ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ ဂိမ်းကစားသူများ သည် ရုပ်ထွက်အရည်အသွေး မြင့်မားသော 1080 AMOLED, 2160 x 1200 pixels resolution အဆင့်ရှိ ခေါင်းစွပ်များဖြင့် ဆော့ကစားရမည်ဖြစ်၍ ဂိမ်းများကို ပြင်ပတွင် အမှန်တကယ် ဖြစ်ပျက်နေ သကဲ့သို့ ခံစားချက်မျိုးဖြင့် ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
"VR Zone မှာ တပ်ဆင်ထားတဲ့ ဂိမ်းတွေဟာ အိမ်မှာ ကျွန်တော်တို့ ဆော့ကစားနေကျ ဂိမ်းတွေနဲ့ မတူဘဲ အခန်းထဲမှာပဲ အပြင်မှာ ကိုယ်ကိုယ်တိုင် အမှန်တကယ် ပါဝင်လုပ်ဆောင်နေရသလို ခံစား ချက်မျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ The Central စီမံကိန်းကို မြန်မာနိုင်ငံမှာ သာမက ဒေသတွင်းမှာပါ အကောင်းမွန်ဆုံး၊ အဆင့်အမြင့်ဆုံး ဘက်စုံသုံး စီမံကိန်းတစ်ခုအဖြစ် တည် ဆောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ စိတ်အပန်းပြေမှု အပြည့်အဝရရှိစေမယ့် အများပြည်သူ အပန်းဖြေနေရာတစ်ခု ဖြစ်လာစေဖို့ အဆင့်အမြင့်ဆုံး၊ အဆန်းသစ်ဆုံး အိုင်ဒီယာတွေကို ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်"ဟု VR Zone မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Central Boulevard တွင် VR Zone ကဲ့သို့သော အပန်းဖြေ ဂိမ်းစင်တာတစ်ခု ပေါ်ပေါက် လာသည့်အတွက် လူကြီးလူငယ်မရွေး ဝင်ရောက် အပန်းဖြေနိုင်မည်ဖြစ်ကြောင်း၊ VR Zone ထဲတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဆော့ကစား နိုင်မည့်ဂိမ်းများ ထည့်သွင်းပေးထားပြီး လက်ရှိတွင် လာရောက်ကစားသူများအနေဖြင့် VR Rider, VR Shooting (နှစ်ခန်း)နှင့် The Evil: Haunted Table အစရှိသည့် ဂိမ်းဇုန်များကို ဝင်ရောက်ဆော့ကစား နိုင်မည်ဖြစ်ကာ အခြားသော ဂိမ်းများကိုလည်း တဖြည်းဖြည်းချင်း ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
VR Rider ဇုန်ထဲတွင် လှုပ်ရှားနိုင်သည့် ထိုင်ခုံ များဖြင့် ဆော့ကစားရမည့် Rider, Horror, Trip နှင့် Kids စသည့် ဂိမ်းအမျိုးအစားပေါင်း ၂၂ မျိုးအထိ ဆော့ကစားနိုင်မည်ဖြစ်ပြီး လူနှစ်ဦး တစ်ချိန်တည်း အတူတူ ဆော့ကစားနိုင်ရန် ပြုလုပ်ပေးထားသည့် အဆိုပါဂိမ်းများသည် ကစားသူများအား ရင်သပ် ရှုမောဖွယ်ရာ မြင်ကွင်းများနှင့် အခြားသော ကမ္ဘာအသစ်များ၊ နိုင်ငံအသစ်များဆီသို့ ခေါ်ဆောင်ပေး သွားနိုင်မည့် ပျော်ရွှင်ဖွယ် ဂိမ်းအမျိုးအစား ဖြစ်သည်။
VR Shooter ဂိမ်းဇုန်တွင် ဂိမ်းအမျိုးအစား သုံးမျိုး ပါဝင်ပြီး လူနှစ်ဦး တစ်ပြိုင်တည်း ကစား နိုင်မည်ဖြစ်သည်။ ကစားသူနှစ်ဦးသည် အမြောက်၊ သေနတ်များဖြင့် ၁၈၀ ဒီဂရီ လှုပ်ရှားမှုများ ပြုလုပ်၍ အတူ ဆော့ကစားနိုင်မည်ဖြစ်ပြီး ဂိမ်းကစားသူများ အနေဖြင့် အမှန်တကယ် ဖြစ်ပျက်နေသည့် ခံစား ချက်မျိုးကို အပြည့်အဝ ရရှိသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကစားမှုအဆင့်အရ နောက် Level သစ်များ ဆီသို့ တက်ရောက်နိုင်မည်ဖြစ်သည်။
The Evil: Haunted Table ဂိမ်းဇုန်သည် သည်းထိတ်ရင်ဖို ခံစားမှုမျိုးစုံကို ရရှိစေမည့် ဂိမ်း အမျိုးအစားဖြစ်ပြီး ကစားသူများသည် ဂိမ်းအတွင်း ၃၆၀ ဒီဂရီ ပုံရိပ်ယောင်များဖြင့် တွေ့မြင်နေရသည့် မကောင်းဆိုးရွားများလက်မှ လွတ်မြောက်စေရန် တစ်ဦးနှင့်တစ်ဦး ကူညီကယ်တင်၍ ကစားကြရမည့် ဂိမ်းမျိုးဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် စတင်ခဲ့သည့် VR Zone ဂိမ်းစင်တာသည် အခြားသော ဂိမ်းစင်တာများ နှင့် အလုံးစုံ ကွဲပြားခြားနား၍ အဆင့်မြင့် VR နည်း ပညာများ ထည့်သွင်းတပ်ဆင်ထားသည့် နေရာဖြစ် ကာ The Central Boulevard သို့ လာရောက်သူများ အနေဖြင့် ဖေဖော်ဝါရီလလယ်မှ စတင်၍ VR Zone သို့ဝင်ရောက်ပြီး ဂိမ်းများ ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။
သူရဖြိုး


