ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ် အဘိဓမ္မာ သင်တန်းကို အသိဉာဏ်ပညာတိုးတက်စေရန်နှင့် ကုသိုလ်တရားတိုးပွားစေရန် ရည်ရွယ်၍ လူငယ် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေ(၄) နာရီခွဲက ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်နှင့် (၅)ရပ်ကွက်ကြား၊ ပြည်တော်သာပတ်လမ်း၊ မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သံဃာ့ နာယကအဖွဲ့ ဥက္ကဌဆရာတော်၏ ဩဝါဒကိုခံယူ၍ မြို့နယ်အဘိဓမ္မာပြန့်ပွှားရေးအသင်းမှ သင်တန်းမှူး ဆရာတော် ဘဒ္ဒန္တ သောဘနသာရက အဘိဓမ္မာ (ရိုးရိုး)၊ ဂုဏ်ထူးဆောင်(ဋီကာ)၊ ဝိသုဒ္ဓိမဂ်၊ မာတိကာ-ဓာတုကထာ (အာဂုံ/ရေးဖြေ) သင်တန်းများကို သင်ကြားပို့ချလျှက်ရှိပြီး နိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကျင်းပသော အစိုးရအဘိဓမ္မာ စာမေးပွဲများကိုလည်း ဝင်ရောက် ဖြေဆိုနိုင်သည့်အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ အပတ်စဉ်(စနေ၊တနင်္ဂနွေ)ရက်များ တွင် ညနေ (၄)နာရီခွဲမှ (၆)နာရီအထိသင်ကြားပို့ချသွား မည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်နှင့် (၅)ရပ်ကွက်ကြား၊ ပြည်တော်သာပတ်လမ်း၊ မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော် မြတ်ကြီး၏ ဂေါပကအဖွဲ့ထံသို့ လူဦးရေအကန့်အသတ်မရှိ မည်သူမဆို စာရင်းပေး တက်ရောက် နိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


