နေပြည်တော်   ၂၄  ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် မိုးသည်းထန်စွာ ရွာသွန်းပြီး မလတ်တောင် မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများ ပြန်လည်နေရာချ ထားမည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါကျေးရွာတွင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးသင့်ပြည်သူများကို ပြန်လည်နေရာချထားရန်အတွက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း(မွန်)က တာဝန်ယူ တည်ဆောက်ပေးထားသည့် နေအိမ်(၂၃)လုံး တည်ဆောက်ထားရှိမှု၊ ရေရရှိရေး၊ လျှပ်စစ်မီး သွယ်တန်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

 

ထို့နောက် သဲဖြူကုန်းကျေးရွာတွင် ပြည်နယ်အစိုးရက တည်ဆောက်လှူဒါန်းထားသည့် သဲဖြူကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်၊ ရဲပြားကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ဘေးကင်းလုံခြုံသောနေရာသစ်သို့ ပြောင်းရွှေ့တည်ဆောက် ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင် ကမ်းနားလမ်းရှိ ညဈေးတန်းသို့ သွားရောက်ခဲ့ပြီး ခင်းကျင်းရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်