မိတ္ထီလာ   ၂၄   ဖေဖော်ဝါရီ 

 

မိတ္ထီလာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း (၅)လမ်းကို တိုင်းဒေသကြီးရန်ပုံငွေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၂၉၅.၂၅၈ သန်းဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဒေသ ထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်လိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၂၉၅.၂၅၈ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

၎င်းကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ခရိုင်ချင်းဆက်လမ်းမှ သံဘိုးကျေးရွာ ဆက်သွယ်သည့်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် စက်ပစ်တောင်လမ်း၊ ကျိတ်ပုလဲ-ကျောင်းရွာ ဆက်သွယ်သည့်လမ်း၊ အုတ်နှဲဘုတ် လမ်း၊ ခရိုင်ချင်းဆက်လမ်းမှ လက်ပံ့အိုင့်ကျေးရွာလမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်လျှက်ရှိသည်။

 

အဆိုပါလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါ ကျေးလက်နေပြည်သူများ၏ ဒေသ ထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် ရာသီမရွေး လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါက ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)