ခန္တီး ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် အစိုးရနည်းပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာမြင့်ကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးရာဌေးက ကျေးလက်နေပြည်သူများ လူမှုစီးပွား အထောက်အကူပြုအောင် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းက သင်ယူတတ်မြောက် ခဲ့သည့် နည်းပညာ၊ အတတ်ပညာများကို မိမိဒေသမှာ ပြန်လည်မျှဝေအသုံးချပြီး လုပ်ကိုင်စေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသားများကို နည်းပညာကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း အထောက်အကူပစ္စည်းများကို မြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်အေးသင်းက ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ဆရာဦးသန့်ဇင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


