ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် နွေရာသီ အခြေခံအားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားနည်း (၂၈)နည်းဖြင့် ဖွင့်လှစ်ရန်လျာထားကြောင်း ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယ ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အခြေခံအားကစားသင်တန်းများကို မတ်လ (၁၀) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိလည်း ကောင်း၊ အဆင့်မြင့်သင်တန်းများကို ဧပြီလ(၂၀)ရက်နေ့မှ မေလ(၁၈) ရက်နေ့အထိလည်းကောင်း၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံနှင့်အဆင့်မြင့်ဟူ၍ သင်ကြား ပေးသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်စဉ်နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများ ကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေး၊ မျိုးဆက်သစ် လူငယ်အားကစားသမားများကို ဆက်လက်လေ့ကျင့် ပြုစုပျိုးထောင်ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊
မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် အမျိုးသားအားကစား တိုးတက်မြင့်မား လာစေရေး၊ နွေရာသီအားကစားသင်တန်းများ ဗီဇပါရမီရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပေး ခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာနမှ သက်ဆိုင်ရာ အားကစားကွင်း/ရုံများတွင် အားကစားနည်းအလိုက် သင်တန်းများ လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ခွင့်ပြုပေးထားပြီဖြစ် ၍ အဖွဲ့ချုပ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မျိုးဆက်သစ်အားကစားသမားများ အားကစားအလိုက်စားနိုင်ရေးအတွက် သင်တန်းကြေးများကို တတ်နိုင်သလောက် လျောပေါ့ပေးရန်နှင့် ယခင်နှစ်ကထက် သင်တန်းသားများပိုမိုရရှိစေဖို့ စည်းရုံးဆောင်ရွက်စေလို ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင် က အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ရေးအတွက် သင်တန်းသားများ တူညီဝတ်စုံရရှိစေရေး၊ ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်နိုင်ရေး၊ ရေကူး၊ ဘောလုံး၊ ကြက်တောင်နှင့်ဝူရှူး အားကစားနည်းများတွင် သင်တန်းသားဦးရေ များပြား သောကြောင့် သင်တန်းကြေးများ ယခင်နှစ်များထက် လျှော့ပေါ့စေလိုကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက ရန်ကုန်တိုင်း ဒေသကြီး ခရိုင်နှင့် မြို့နယ်များရှိ အားကစားကွင်း/ရုံများတွင် အခြေခံ အားကစားနည်း သင်တန်း များကို ယခင်နှစ်များထက် သင်တန်းသားဦးရေ ပိုမိုရရှိရေးအတွက် ပူးပေါင်းကာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိ ပြီးဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ ဌာနခွဲမှ တာဝန်ရှိသူများက သင်တန်းကာလအတွင်း အားကစားကွင်း/အားကစားရုံများကို အသုံးပြုလိုပါက အဖွဲ့ချုပ်များ အနေဖြင့် ကြိုတင်အသိပေးမှသာ မိမိတို့ဘက်မှ လိုအပ်သည်များကို အချိန်မီ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းပြောကြား၍ လည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ မော်တော်ယာဉ်ဌာန စိတ်၊ ဆေးဘက်ဆိုင်ရာ ဌာနစိတ်တို့မှ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ အဖွဲ့ချုပ်တာဝန်ခံအမှုဆောင်များက သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးနောက် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အခြေခံအားကစားသင်တန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံ များ၌ အဖွဲ့ချုပ်များ၊ မြို့နယ် အား/ကာဦးစီးဌာတို့ ပူးပေါင်းကာ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိုးလင်း၊ လက်ဝှေ့၊ ခြင်းလုံး၊ ခရစ်ကက်၊ ဘောလုံး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ လှေလှော်၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီဘော၊ အလေးမ၊ အမျိုးသမီးအားကစား(အေရိုးဗစ်)၊ ဝူရှူး၊ ရွက်လှေ၊ ကမ်ပို၊ ရိုးရာလက်ဝှေ့ စသည့် အားကစားနည်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၄၀၀၄၃၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
MDN


