ပခုက္ကူ ၂၄ ဖေဖော်ဝါရီ
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါနှင့်သွေးလှူရှင်များအကြောင်းသိကောင်းစရာဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သွေးစစ်ဆေးစစ်ခြင်းများကို ယနေ့နံနက် ၁၀နာရီက ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ အရှေ့တိုင်းပညာဦးစီးဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလှလှမြင့်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းတွင်းကျန်းမာရေးနှင့်ပတ်သက်သည့် ကြက်ခြေနီအသင်း၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရောဂါဗေဒရှာဖွေရေးအထူးကု ဆရာဝန်မကြီး ဒေါက်တာစောမြတ် သွယ်က သွေးလှူရှင်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ ၊ HIV, AIDS, ရောဂါများနှင့် ရောဂါအမျိုးအစားများ အကြောင်းတို့နှင့် ကြိုတင်ကာကွယ်နည်းနှင့် ကုသနည်းများ အကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး ပခုက္ကူခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင်က ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါနှင့် ပတ်သက်၍ လက်ရှိ ရောဂါဖြစ်ပေါ်ခံစားနေရသည့် နိုင်ငံများနှင့် ရောဂါဝေဒနာလူနာရှင်များ အခြေအနေ၊ ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်နည်းများ၊ ရှောင်ကြဉ်ရမည့် စားသောက်မှုနှင့် အပြုအမူဆိုင်ရာ နည်းလမ်းများ အကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါအကြောင်းများ၊ သွေးလှူခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း၊ အခြားရောဂါများ အကြောင်းစသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအကြောင်းတို့နှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ ပခုက္ကူခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဆရာဝန်/ ဆရာမများက ပြန်လည်ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြပြီး ကျောင်းသား ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးပေးခြင်း၊ ရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး


