ဝန်းသို ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်အမာကြည် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီက စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက် နေကြသော ကုန်စည်ပစ္စည်းများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက် များနှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ဝန်းသိုမြို့နယ် ဘူတာစုရပ်ကွက်ရှိ "စံပယ်"တံဆိပ် ရေစိမ် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်စည်ပစ္စည်းများ ထုတ်လုပ်ရောင်းချရာတွင် သက်တမ်းကုန်းဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ် များပါရှိသည့် ပစ္စည်းများကိုသာဝယ်ယူရောင်းချကြရန်နှင့် ၂၀၂၀ခုနှစ် မတ်လ ၁၆ ရက်နေ့မှ စတင်၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြထားသော စားသောက်ကုန် များသာ ထုတ်လုပ်ရောင်းချခွင့် ပြုတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့်အသေးစိတ်စိစစ်ချက်ပါ စားသုံးသူ ကာကွယ်ပေးရေးအကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


