မန္တလေး ၂၄ ဖေဖော်ဝါရီ
မဟာသဒ္ဓမ္မဇောတိကဓဇ စာရေးဆရာနန္ဒာသိန်းဇံ မွေးနေ့အကြိုနှင့် အမှတ်တရ ကျောက်စာတိုင် နှစ်ပတ်လည် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ တောင်လေးလုံး အောင်ခြင်းရှစ်ပါးကျောင်းတိုက်၌ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားမှူးအဖြစ် စာရေးဆရာ မောင်ဉာဏ်သစ်က ဆောင်ရွက်ပြီး ဆရာတက္ကသိုလ် တေဇာလင်း၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ပါမောက္ခ ဒေါ်မြင့်မြင့်ရီ (အငြိမ်းစား)၊ မန္တလေးတက္ကသိုလ် ဒဿနိကဌာန ပါမောက္ခ ဒေါက်တာမြတ်မွန်ဦး၊ မန္တလေးစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအုန်းငွေ(လူနဲ့လူ)၊ အားကစားနှင့် ကာယပညာသိပ္ပံ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ရှေ့နေကြီး ဦးကျော်သူတို့က အမှတ်တရစကား အသီးသီးပြောကြားခဲ့ကြပြီး ဒဿနမြင်းပြိုင်နှင့် လူ့အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပခဲ့သည်။
စာရေးဆရာနန္ဒသိန်းဇံကို ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်သည်။ အမည်အရင်းမှာ ဦးသိန်းဇံဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် သိန်းဇံ ကလောင်အမည်ဖြင့် ပထမဦးဆုံး ဆောင်းပါးကို သင့်ဘဝမဂ္ဂဇင်းတွင် မှတ်ဉာဏ်နှင့်အတွေးအခေါ် ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ကလောင်အမည်ခွဲများမှာ စိတ်ခိုင်နှင့် လွမ်းဝေတို့ဖြစ်သည်။
ဆရာသည် စာအုပ်ပေါင်း ၂၁ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်များက ထင်ရှားသည်။ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ ပါမောက္ခဌာနမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်တွင် ဆရာဝန်တင်ရွှေ စာပေဆုကို ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


