ရန်ကုန်  ၂၄  ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ (AFoCO RETC) သင်တန်းကျောင်းတွင် “သစ်တောများ ပြန်လည်တည်ထောင်ခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းသင်တန်း” သင်တန်းကို နေ့ နံနက် ၉  နာရီတွင် ဖွင့်လှစ်သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

သင်တန်းအား (၁) အာရှဒေသတွင်း နိုင်ငံများတွင်ဆောင်ရွက်နေသည့် သစ်တောများ ပြန်လည်တည်ထောင်ရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော သစ်တော စီမံအုပ်ချုပ်စနစ်များ ဖြစ်ပေါ်လာစေရေး နည်းလမ်းများကို မျှဝေရန် (၂) ယခင်ဆောင်ရွက်ခဲ့သော သစ်တောပြန်လည်တည်ထောင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများအား ဆွေးနွေး၍ အာရှဒေသနိုင်ငံများ၏ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် သစ်တောပြန်လည် တည်ထောင်ရေး အားထုတ်ဆောင်ရွက်မှုများကို ကောင်းမွန်သော လမ်းညွှန်မှုများပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါသင်တန်းသို့ ကမ္ဘောဒီးယားနိုင်ငံမှ (၂)ဦး၊  အင်ဒိုနီးရှားနိုင်ငံမှ (၄)ဦး၊ လာအိုနိုင်ငံမှ (၂)ဦး၊ မြန်မာနိုင်ငံမှ (၄)ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၂)ဦး၊ ထိုင်းနိုင်ငံမှ (၂)ဦး၊ တီမောလက်စ်တေနိုင်ငံမှ (၂)ဦးနှင့် ဗီယက်နမ်နိုင်ငံမှ (၄)ဦး၊ စုစုပေါင်း သင်တန်းသား(၂၂)ဦး တက်ရောက်လျက်ရှိကာ သင်တန်းဆရာများအဖြစ် ကိုရီးယားနိုင်ငံမှ (၁)ဦး၊ မြန်မာနိုင်ငံမှ (၂)ဦး၊ အင်္ဂလန်နိုင်ငံမှ (၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၁)ဦးနှင့် အီတလီနိုင်ငံမှ (၁)ဦး၊ စုစုပေါင်း (၆)ဦးတို့မှ ပို့ချကာ သင်တန်းအား ဖေဖော်ဝါရီ  ၂၈ ရက်အထိ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

 

မောင်မောင်မျိုး