မြိတ် ၂၄ ဖေဖေဝါရီလ
ခရီးသွားလာမှုများပြီး လူနေထူထပ်သည့် မြိတ်မြို့၌ အမှိုက်များကို စနစ်တကျ အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက် ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များထားရှိရန် စည်ပင်သာယာရေးကော်မတီရုံးတွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီက စည်ပင်သာယာရေးကော်မတီနှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“မြိတ်မြို့ဟာ ခရီးသွားဧည့်သည်တွေ အများကြီးလာတဲ့မြို့ဖြစ်တယ်။ အဲဒီအတွက် မြိတ်မြို့မှာ အမှိုက် သိမ်းဆည်းရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ကြိုးစားနေပါတယ်။ မြိတ်မြို့မှာရှိတဲ့အမှိုက်ကို အစို အခြောက်ခွဲခြားပြီး ပစ်နိုင်ရန် စာသင်ကျောင်းများတွင် ကလေးများကို ပညာပေးဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေးက စားသောက်ဆိုင်တွေမှာ အမှိုက်စို အမှိုက်ခြောက်ပုံးတွေကို သီးခြားခွဲထား ဆောင်ရွက်ပေးဖို့။ ဒါမှလည်း ကလေးတွေလည်းပညာပေးတယ်။ လူကြီးတွေလည်း အသိပေးတယ်။ ဆိုင်တွေလည်း စနစ်တကျ လုပ်မယ်ဆိုခြင်းအားဖြင့် မြိတ်မြို့မှာရှိတဲ့ အမှိုက်ကို အရင်ကထက် ရှင်းလာမယ်လို့ယုံကြည်တယ်။ မြိတ်မြို့သူမြို့သားတွေကို သန့်ရှင်းသပ်ရပ်လှပတဲ့ မြို့တော်သွားချင်တာဖြစ်တဲ့အတွက် အမှိုက်စို အမှိုက်ခြောက်ခွဲခြားပစ်တဲ့ စနစ်တခုကို အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါတယ် ” ဟု စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဉီးမြတ်ကိုကိုက ပြောသည်။
စားသောက်ဆိုင်များတွင် အမှိုက်စိုနှင့်အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်လုပ်ကြရန် ဆွေးနွေးခဲ့ပြီး စည်ပင်သာယာရေးကော်မတီမှ အမှိုက်စိုကို ပုံးအမည်းရောင်၊ အမှိုက်ခြောက်ကို အနီရောင် သတ်မှတ်သည့်စတေကာများကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များထားရှိမှုအား မတ်လ(၁)ရက်နေ့တွင် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ ကွင်းဆင်းစစ်ဆေးပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဉက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


