နေပြည်တော်   ၂၄  ဖေဖော်ဝါရီ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးမင်းခိုင်နှင့်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သော ပြောင်းကို ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေး၊ ကုန်ကြမ်းတင်ပို့နေမှုမှ ကုန်ချောအဖြစ်တင်ပို့နိုင်ရေး၊ ပြောင်းနှင့်ပတ်သက်၍ အရည်အသွေး ပြည့်မီစေရေး၊ လက်ရှိကာလတွင် ဈေးကွက်လိုအပ်ချက်ရှိနေသည့်အတွက် ပြောင်းတင်ပို့မှု တိုးတက်မြင့်မားလာသော်လည်း ရေရှည်တင်ပို့နိုင်ရေးအတွက် နည်းလမ်းများအား ရှာဖွေဆောင်ရွက်သွားရေး၊ ပြောင်းဈေးကွက်တွင် ထိန်းချုပ်မှုများ ရှိနေခြင်းကြောင့် ပြောင်းဈေးကွက်တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးပမ်းသွားရေး၊ ပြောင်းအား နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးချဲ့တင်ပို့သွားနိုင်ရေးအတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့် လယ်ယာထွက်ကုန်ကဏ္ဍတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်သွားနိုင်ရေးဆိုင်ရာ နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)