နေပြည်တော် ၂၄ ဖေဖော်ဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် Mandalay Swan Hotel ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုဖြစ်ပေါ်နေသော 2019 Novel Coronavirus အဆုတ် ရောင်ရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိသဖြင့် မြန်မာနိုင်ငံအား “Myanmar is save to travel” အဖြစ် Virus အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် အနောက်နိုင်ငံအချို့ကို Visa on Arrival ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ “Quality Tourism” ခရီးသွားလုပ်ငန်းဖြစ်ပေါ်လာစေရန်၊ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသည့်ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် နေပြည်တော်ရှိ Hilton Hotel ၌ ပြုလုပ်သည့် Essence of Myanmar Travel & Tour Co.,Ltd ၏ စီစဉ်မှုဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံသား (၄၄) ဦးပါဝင်သော ခေတ်ဟောင်းမော်တော် ယာဉ် (၂၂) စီးဖြင့် မြန်မာနိုင်ငံခရီးစဉ်ဒေသများကို ကိုယ်တိုင်မောင်းနှင်လည်ပတ်သည့် ခရီးစဉ်၏ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး ခရီးသွားဧည့်သည်များအား တွေ့ဆုံနှုတ်ဆက်သည်။
ထို့အပြင် ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယင်းနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ Mandalay Region Chamber of Commerce & Industry (MRCCI) တွင် ကျင်းသော “Visit Nepal Year 2020” အခမ်းအနားသို့ တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံးခန်းတွင် ပြုလုပ်သည့် မန္တလေးလမ်းလျှောက်သင်္ကနြ်အား မြန်မာ့ရိုးရာ ယဉ်ကျေးမှုများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားကာ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့သို့သွားရောက်၍ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ စိမ်းလန်းပြင်ဦးလွင်အဖွဲ့၊ May Myo Heritage Trust အဖွဲ့တို့နှင့် ပြင်ဦးလွင်မြို့ ဟိုတယ်ရွှေနန်းထိုက်၌ တွေ့ဆုံပြီး ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ခွဲဝေဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ပေါင်းစပ်ဆောင်ရွက်မှုများ၊ သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ်စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာများ၊ 2019 Novel Coronavirus အဆုတ်ရောင် ရောဂါတားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ အမျိုးသားအမွေအနှစ်အဖြစ်သတ်မှတ်ရေး တင်ပြမည့် ၁၉၀ဝ ပြည့်နှစ်က တည်ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးနှင့် ၁၉၁၂ ခုနှစ် က တည်ဆောက်ခဲ့သည့် သန့်ရှင်းသူအပေါင်းဘုရားကျောင်း (All Saint Church) သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


