သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုး အသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများ ပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်း ကစားကြတာတွေက ငယ်ဘဝကာလ တွေမှာ အမှတ်တရ အချိန်တွေပါပဲ။

 

ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။

 

သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး လည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ကို ဖော်ပြပေးချင်ပါတယ်။

 

          ၁။ ကိုယ်အလေးချိန် တိုးစေတယ် – ကိုယ်အလေးချိန် တိုးမြင့်စေဖို့ စိတ်အား ထက်သန်နေသူတွေဟာ သြဇာသီးစားပေးသင့်ပါတယ်။ အကြောင်းအရင်းကတော့ ဒီသစ်သီးဟာ ကယ်လိုရီပမာဏ အများအပြားစုဆောင်းထားတဲ့ အသီးတစ်မျိုးဖြစ်လို့ပါပဲ။

 

          ၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ် – သြဇာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

          ၃။ ခွန်အားဖြည့်တင်းပေးတယ် – သြဇာသီးဟာ စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ခွန်အားပြည့်ဝစေတဲ့ အစားအစာတွေထဲက တစ်မျိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အထူးသဖြင့် ကြွက်သားတွေကို အားကောင်းစေပါတယ်။

 

          ၄။ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိတယ် – Acetogenin နဲ့ Alkaloids ကင်ဆာကို တွန်းလှန်နိုင်တဲ့ သဘာဝဒြပ်ပေါင်းတွေ သြဇာသီးထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် အမျိုးအစား အမျိုးမျိုးသော ကင်ဆာနဲ့ အသားပိုအကျိတ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။

 

          ၅။ ဦးနှောက်ကို ကျန်းမာစေတယ် – သြဇာသီးမှာ ပါဝင်တဲ့ ဗီတာမင် ဘီ ကွန်ပလက်စ်ဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ GABA နူရွန်ဓာတ်ပစ္စည်းတွေကို လိုအပ်သလို ထိမ်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေနဲ့ စိတ်ဓာတ်ကျမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ၁၀ဝ ဂရမ်လေးတဲ့ သြဇာသီးတစ်လုံးမှာ ဗီတာမင် B6 ဝ.၆ ဂရမ်ပါဝင်နေပြီး ဒါဟာ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ပမာဏရဲ့ ၂၀% ဖြစ်ပါတယ်။

 

          ၆။ သွားကို ခိုင်မာစေတယ် – သြဇာသီးဟာ သွားနဲ့ သွားဖုံး နာကျင်မှုတွေကို လျော့ကျ စေနိုင်ပါတယ်။

 

          ၇။ သွေးအားနည်းရောဂါကို သက်သာစေတယ် – ဗီတာမင် B6 ဟာ သွေးအားနည်းခြင်းနဲ့ သွေးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်တာမို့ သြဇာသီး စားခြင်းကနေ သွေးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 ဟာ အော့အန်တာနဲ့ ဂေါက်ရောဂါတွေကိုလည်း ကာကွယ်ပေး ပါတယ်။

 

          ၈။ အမြင်အာရုံကို ကြည်လင်စေတယ် – အမြင်ဝေဝါးနေသူတွေဟာ သြဇာသီး စားပေးသင့်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါတာမို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် အမြင်ကြည်စေတဲ့ အကျိုးရမှာဖြစ်ပါတယ်။

 

          ၉။ အဆစ်ရောင်နာကို သက်သာစေနိုင်တယ် – မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သြဇာသီးရဲ့ ကောင်းကျိုးတွေထဲမှာ အဆစ်အမြစ်ရောင်ရောဂါ (Arthritis) ကို သက်သာစေတာကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။

 

          ၁၀။ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေတယ်- ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ဓာတ် ကြွယ်ဝတဲ့ ဩဇာသီးဟာ နှလုံးတွင်း သွေးလည်ပတ်မှုနဲ့ ဖိအားကို ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ကလည်း နှလုံးကြွက်သားတွေကို ချောချောမွေ့မွေ့ အလုပ်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် ဩဇာသီးဟာ သွေးတွင်းကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးပါတယ်။

 

          ၁၁။ ဆီးချိုကို တားဆီးနိုင်ပါတယ် – အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ သွေးတွင်း သကြားဓာတ် ပျော်ဝင်မှုကို တားဆီးနိုင်တာမို့ အမျိုးအစား ၂ – ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။

 

          ၁၂။ အစာခြေစနစ်ကို အားကောင်းစေတယ် – သြဇာသီးများများစားရင် ဗိုက်ဆာလာမှာတော့ အမှန်ပါပဲ။ သူက အစာခြေစနစ်ကို အားပေးတဲ့ အစာဖြစ်တာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေ ပုံမှန် စားပေးသင့်ပါတယ်။

 

          ၁၃။ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးတယ် – ဗီတာမင် စီနဲ့ ဗီတာမင် အေတို့ ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ အရေပြား၊ မျက်လုံးနဲ့ ဆံပင်တွေကို အားအင်ဖြည့်တင်း ပေးနိုင်ပါတယ်။

 

          ၁၄။ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဓာတ်စာလည်း ဖြစ်ပါတယ် – သြဇာသီးဟာ ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို ကြေးနီ ၁၀ဝ၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ အဆိုပါ ပမာဏကို သြဇာသီးက ပြည့်ပြည့်ဝဝ ဖြည့်တင်း ပေးနိုင်ပါတယ်။

 

          ၁၅။ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ် – သြဇာသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေကိုသာ ကောင်းကျိုးပေးတာ မဟုတ်ပါဘူး သန္ဓေသားလေးရဲ့ ဦးနှောက်ကိုလည်း ဖွံ့ဖြိုးစေပါသေးတယ်။

 

          ၁၆။ သံဓာတ်ပါဝင်မှုများတယ် – သြဇာသီးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာမို့ ကိုယ်ဝန်ဆောင် မိခင်တွေကို နာကျင်ကိုက်ခဲမှု နည်းပါးစေနိုင်ပါတယ်။

 

          ၁၇။ ရင်သွေးငယ်တွေကို ကူးစက်ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်တယ် – မိခင်ဖြစ်သူက သြဇာသီး စားပေးရင် ရင်သွေးငယ်လေးမှာ ကူးစက်ရောဂါတွေ ကူးစက်မယ့်ရန်ကို တားဆီးပေးနိုင် ပါတယ်။ အကြောင်းကတော့ Antioxidants အများအပြားပါရှိနေတာကြောင့်ပါပဲ။

 

          ၁၈။ Morning Sickness ဝေဒနာရှင်တွေအတွက် ဖြေဆေးပါ – Morning Sickness ဝေဒနာ ခံစားနေရသူတွေအတွက် သြဇာသီးဟာ ဖြေဆေးလို့ တင်စားခံရပါတယ်။

 

          ၁၉။ အရေပြားကို ရွှန်းစိုစေတယ် – အရေပြားလေး တောက်ပနေစေချင်တယ်ဆိုရင် သြဇာသီးကို မှီဝဲပေးတာက နည်းလမ်းကောင်းတစ်ခုပါပဲ။ အရေပြားကျန်းမာရေးအတွက် အရမ်းအထောက်အကူ ဖြစ်စေပါတယ်။

 

          ၂၀။ အရေပြားကူးစက်ရောဂါတွေကို ပျောက်ကင်းစေတယ်။ ယားနာလိုမျိုး အရေပြားပေါ်က ကူးစက်ဝေဒနာတွေကို သြဇာသီးမှာပါဝင်တဲ့ ဗီတာမင် စီက အလျှင်အမြန် သက်သာပျောက်ကင်း စေနိုင်ပါတယ်။

 

          ၂၁။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ် – သြဇာသီးဟာ အရေပြားကို နုပျိုစေပြီး အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေတာမို့ ပျိုမေတွေအတွက် လက်မလွှတ်သင့်တဲ့ အစားအစာ တစ်မျိုးပါ။

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”