မယ်စဲ့ ၂၅ ဖေဖော်ဝါရီ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပန်တိန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်က အဖွင့်အမှာစကား ပြောကြားပြီး ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာပြည်သူ များ၏ စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်မှုကြောင့် ယခုလိုဂုဏ်ပြုခံရခြင်း ဖြစ်ကြောင်းနှင့် ကောင်းမွန်သော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် ကောင်းမွန်သော အကျိုးရလဒ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ ဘောလခဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်တို့က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့သော ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဂုဏ်ပြု မှတ်တမ်းလွှာကို ကျေးရွာကော်မတီဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


