မိုးညှင်း ၂၅ ဖေဖော်ဝါရီ
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ မိုးညှင်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော အစားအသောက်များတွင် တားမြစ်ဓာတု ဆေးဝါးများနှင့် ခွင့်မပြုဆိုးစေများ ပါဝင်မှုမရှိစေရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ် စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်၍ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဒေါက်တာအောင်မော်ခန့် ဦးစီးအရာရှိ(အစားအသောက်) က “အဓိကကျွန်တော်တို့ ဓာတ်ခွဲယာဉ်ပေါ်မှာ စစ်ဆေးနိုင်တဲ့ အစားအသောက်တွေကို အဓိကထားပြီးစစ်တယ်၊ ဒီဓာတ်ခွဲယာဉ်နဲ့ စစ်လို့မရတဲ့ အစားအသောက်တွေကို ပြည်နယ်ရုံးကိုပို့ပြီးစစ်ဆေးမယ်”ဟု ပြောသည်။
ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် Sulfiting Agent/Sodium Hydrosulphite၊ Salicylic Acid၊ Borax၊ Formalin ၊Rhodamine B၊ Auramine-O၊ Free Mineral Acid စသည်များကို စမ်းသပ်စစ်ဆေးနိုင်ပြီး ယနေ့ဈေးအတွင်းမှ အစားအသောက်နမူနာယူစစ်ဆေးခဲ့သည့် ရလဒ်များအရ အထက်ဖော်ပြပါ အရာများပါဝင်ပါက အများပြည်သူအန္တရာယ် ကင်းရှင်းစေရေးအတွက် အဆိုပါ အစားအသောက်များအား ရောင်းချမှုမရှိစေရေးနှင့် ဒုတိယအကြိမ် စစ်ဆေးစဉ်တွေ့ရှိခဲ့ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ယခုစစ်ဆေးဆောင်ရွက်မှုကို ပြည်နယ်(FDA)မှ ဒေါက်တာအောင်မော်ခန့် ဦးဆောင်သော အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စုပေါင်း၍ မိုးညှင်းမြို့နယ် စည်ပင်သာယာဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်သည့် ဈေးဆိုင်ကြီးများ၊ အလှကုန်ပစ္စည်းရောင်းချသည့် ဆိုင်များ၊ ဒေသတွင်း ထုတ်လုပ်ရောင်းချသည့် အစားအသောက်များ ရောင်းချသည့် ဈေးဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


