မင်းဘူး  ၂၅  ဖေဖော်ဝါရီ 


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဌာနခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် နွေရာသီကာလတွင် ရေရှားပါးမှု ကင်းဝေးစေရန် ရည်ရွယ်ပြီး ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ဦးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။

သောက်သုံးရေ ဖူလုံစေရေးအတွက်  မင်းဘူးမြို့နယ်တွင် စိုင်ရှင်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ပိုက်သင်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လေးပင်ကျေးရွာတို့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့နယ်တွင် ကံရွာကျေးရွာတွင် လည်းကောင်း၊ စလင်းမြို့နယ်တွင် တမာချောင်ကျေးရွာ၊ မင်းလျင်ကျေးရွာ၊ အိုးထိန်းကျေးရွာ၊ ရေလဲကျေးရွာ၊ ကုက္ကိုကျင်းကျေးရွာနှင့် အရှေ့ကုန်း ကျေးရွာတို့တွင်လည်းကောင်း၊ ငဖဲမြို့နယ်တွင် ဆားပေါက်ကျေးရွာ၊ ပဘွေးကျေးရွာ၊ မကန်းကျေးရွာ၊ ဝန်ကျေးရွာနှင့် ကျောက်ဆုံကျေးရွာတို့တွင်လည်းကောင်း၊ စေတုတ္တရာ မြို့နယ်တွင် ကံဇင်းကျေးရွာ၊ နဘဲတုန်းကျေးရွာ၊ စင်းချောင်းကျေးရွာနှင့် နတ်ကြီးကျေးရွာ တို့တွင် လည်းကောင်း စုစုပေါင်းကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါရေရရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် ​​စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၁၂ ခု၊ လက်တူး တွင်းကျယ်တူးဖော်ခြင်းလုပ်ငန်း ၂ ခု၊ စိမ့်စမ်းသွယ်ယူခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ၆ ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၁ ခု တို့အား ခွင့်ပြုရန်ပုံငွေကျပ် ၃၉၂ ဒသမ ၉၆၇ သန်းဖြင့် တင်ဒါအောင်မြင် သော ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍  “ရေရရှိရေးလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးပါက ကျေးလက်နေ ပြည်သူများအနေဖြင့် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ ရရှိလာမည်ဖြစ်ပြီး ယင်းကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ  ၂၂၇၆၊ လူဦးရေ ၁၀၃၀၀ အား နွေရာသီကာလ ရေရှားပါးမှုမှ ကင်းဝေး၍ သောက်သုံး​ရေ ဖူလုံတော့မည်ဖြစ်ကြောင်း" မင်းဘူး ခရိုင်ဦးမှူး ဦးတင့်လွင်ဦးက ပြောပြသည်။


သူရိန်(မင်းဘူး)