ဂန့်ဂေါ ၂၅ ဖေဖော်ဝါရီ
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း သဘာဝ မြေဆွေးပုံများ တိုးချဲ့အသုံးပြုနိုင်ရေး ပညာပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၂ ရွာတွင် သဘာဝမြေဆွေးပုံ ၂၅ ပုံ ပြုလုပ်ထာပြီးဖြစ်ကြောင်း သိရသည်။
မီသိန်းဓါတ်ငွေ့ကဲ့သို့သော ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ရန်၊ မြေဆီလွှာ ပျက်စီးမှုများမှ ကာကွယ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက် လာစေရန်၊ မြေဩဇာ အတွက် တောင်သူများ စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာစေရန်၊ ဂေဟ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူများ ဘေးကင်းလုံခြုံရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် ဓာတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာဆွေးမြည့်နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရန် ပညာပေး စည်းရုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောပြသည်။
သဘာဝမြေဩဇာများပြုလုပ်ရာတွင် အကျိုးပြု အဏုဇီဝများဖြစ်သည့် EM ၊ IMO ၊ ထရိုင်ကိုဒါးမား တို့ကို အသုံးပြု၍ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပေါင်းမြက်၊ ဖွဲနု၊ ဖွဲကြမ်း စသည်တို့နှင့် ပေါင်းစပ်ကာ နွားချေး၊ ကျွဲချေး၊ ကြက်ချေးတို့ကဲ့သို့သော တိရိစ္ဆာန် အညစ်အကြေးတို့ကို ဆွေးမြည့်အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အခြားကျေးရွာများတွင် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း


