သုဝဏ္ဏဝတီ ၂၅ ဖေဖော်ဝါရီ
ရာသီပေါ်သီးနှံဖြစ်သည့် ဒူးရင်းသီးသည် ယခုနှစ်တွင် ပုံမှန်အချိန်ထက်စောပြီး ပင်ကြွသေီး ရရှိ၍ ဈေးကောင်းရရှိသော်လည်း သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများရှိ ဒူးရင်းခြံများသည် အပင်များ ပျက်စီးသေဆုံးမှုများ ရှိနေခြင်းတို့ကြောင့် ဒူးရင်းပင်များ ရှားပါးလာ၍ ဒူးရင်းသီး အထွက်နည်းလာမည်ဖြစ်ကြောင်း သိရသည် ။
“ အရင်တုန်းကလောက် ဒူးရင်းသီး မပေါတော့ဘူး၊ ဒူးရင်းခြံတွေလည်း မရှိတော့တဲ့အပြင် ရှိတဲ့ ခြံတွေ မှာလည်း အရင်က အပင် ၁၀ဝ လောက်ရှိရင် ဆယ်ပင်လောက်ပဲ ရှိတော့တယ်၊ ဘာကြောင့် အပင်တွေ သေလည်း မသိဘူး၊ ဒူးရင်းခြံတွေနေရာမှာ ရော်ဘာခြံတွေ ဖြစ်လာပြီ၊ အပင်နည်းလာတော့ အသီးနည်း လာတဲ့အပြင် ဈေးကောင်းရတော့ ခြံရှင်တောင် မစားဘဲ ရောင်းရပါတယ်။ ပြန်စိုက်ပေမယ့် အပင်အောင်မြင်ဖို့ရာ မလွယ်ကူသလို နှစ်ရှည်သီးနှံဆိုတော့ စိတ်ဝင်တစား ပြန်စိုက်ပျိုးသူ နည်းပါး ပါတယ်” ဟု ဝင်းပကျေးရွာမှ ဒူးရင်းခြံမှ ရော်ဘာပင်ပြန်လည်စိုက်ပျိုးသူ ခြံရှင်တစ်ဦးက ဆိုသည်။
“အခု ရောင်းတဲ့ ဒူးရင်းသီးက လက်ဦးသီးမို့ ဈေးကောင်း ပေးဝယ်ပြီး ဈေးကောင်းရမှ ပြန်ရောင်း ရတာပါ၊ ဒူးရင်းသီးက တစ်ရာသီမှာ အသီး၊ အပွင့်၊ အဖူး များတဲ့အတွက် ဒီရာသီမှာ ဈေးကောင်းရမယ် ထင်တယ်။ တချို့ခြံတွေက ကြွနေပြီ တစ်လုံးစ နှစ်လုံးစ ခြံတွေမှာ လိုက်ဝယ်ပြီး ရောင်းရတာပါ၊ တချို့ခြံတွေက ခုမှ အပွင့် ပွင့်တုန်း၊ အသီးကင်း၊ အသီးသေးလေးတွေပဲ ရှိတဲ့အတွက် အသီးရောင်းတဲ့ နေရာမှာ တစ်ရာသီလုံး ပေါပေါများများတော့ ရောင်းရမယ် မထင်ဖူး။ ခုဆိုရင် ဒူးရင်းသီး ပုံမှန်အလုံးဆိုရင် တစ်လုံး ငါးထောင်၊ ခြောက်ထောင် ပေးဝယ်ရတယ်။ ဒီဒေသထွက်တဲ့ ယိုးဒယားမျိုး အလုံးကြီးတွေက တစ်လုံး နှစ်သောင်းကျပ်ကျော် ဝယ်ရပါတယ်။ ပြန်ရောင်းရင်တော့ အရွယ်အစား၊ မျိုးကောင်း မကောင်း၊ အရသာပေါ်မူတည်ပြီး အာမခံနဲ့ အမြတ်ချန်ထားပြီး ရောင်းပေးရပါတယ်။” ဟု သိမ်ဆိပ်ရပ်ကွက် သစ်သီးတန်းမှ ရာသီပေါ်သီးနှံများ အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောသည် ။
လွန်ခဲ့သောနူစ်များစွာက ကျိုက္ကော်၊ သိမ်ဆိပ်ဒူးရင်းသီးသည် အလွန်စားကောင်းပြီး အရသာရှိ၍ နာမည်ကျော် သည့်အပြင် ရောင်းဝယ်မှု အားကောင်းခဲ့သော်လည်း ယခုအခါ အပင်များ ရှားပါးလာမှု၊ တစ်ခြားဒေသများမှ အသီးများ ဝင်ရောက်လာမှု၊ ဒူးရင်းသီး အရသာ အရည်အသွေးကျဆင်းလာမှု၊ ပြန်လည်စိုက်ပျိုးသူများ နည်းပါးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် ဈေးကောင်း ရနေသော်လည်း ဒူးရင်းသီးအထွက် နည်းလာနိုင်ကြောင်း သိရသည် ။
ခွန်(ဝင်းပ)


