မကွေး  ၂၅  ဖေဖော်ဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ပါက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖော်ပြပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၁၆)ရွာနှင့် တဲတိုက် (၁၇)ခုရှိရာ အဆိုပါ ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ အနေဖြင့် မိမိတို့ ကျေးရွာများအတွင်းရှိ ရေအရင်းအမြစ်များ နွေရာသီ ကာလတွင် ရေပြတ်လပ်မှုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်း မိပါက ကြိုတင်အကြောင်းကြားနိုင်ကြောင်း၊ ယခုကာလမှာ နွေရာသီကာလသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့် အတွက် မြို့နယ်အတွင်းရှိ မည်သည့် ကျေးရွာမဆို သောက်သုံးရေရှားပါး ပြတ်လပ်မှု ဖြစ်ပေါ်ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖော်ပြပါဖုန်းနံပါတ်များကို အချိန်မရွေး ဆက်သွယ်အကြောင်းကြား နိုင်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍ သိရသည်။

 

 “ကျွန်မတို့ ဦးစီးဌာနအနေနဲ့တော့ လက်ရှိအချိန်မှာ ကျေးရွာတွေရဲ့ ရေအရင်းအမြစ်စစ်တမ်းတွေ၊ သောက်သုံးရေ သုံးစွဲမှုအခြေအနေတွေကို ကွင်းဆင်းကောက်ယူနေပါတယ်၊ ယခုနစ်နွေရာသီမှာတော့ ရေငံ၊ ကြူချောင်းရွာသစ်၊ ယောင်းမထား တဲတိုက် စတဲ့ကျေးရွာသုံးရွာတွင် သောက်သုံးရေ  ရှားပါး နိုင်တယ်လို့ ခန့်မှန်းထားပြီး အဆိုပါကျေးရွာတွေကို လတ်တလောနှင့် ရေရှည် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ဆက်လက် ပြောပြသည်။

 

မကွေးမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင်လည်း နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးရွာ(၁၂)ရွာမှ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ခုနစ်ခု၊ မြေသားရေကန် ပြုပြင်တူးဖော်ခြင်း လုပ်ငန်းတစ်ခု၊ ရေမြှုပ်ပန့်လဲလှယ် တပ်ဆင်ခြင်းလုပ်ငန်း တစ်ခု၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀ဝ ဆံ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေကျပ် ၁၉၉ ဒသမ ၂၄၁ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁၂ ဒသမ ၉၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)