ကျောက်ဆည်  ၂၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပဒုမ္မာပြည်တော်သာကျေးရွာ၌ ကျေးရွာ သန့်ရှင်း သာယာလှပရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

963

 

စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်းသည် ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ တိုးတက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်စေမှုများကို လျှော့ချနိုင်ခြင်း၊ ကျေးရွာနေ ပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်များ တိုးတက်လာခြင်း၊ ကိုယ့်အားကိုယ်ကိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တတ်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာ စေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုးက ပြောသည်။

 

963258

 

ထို့နောက် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဒုမ္မာပြည်တော် သာကျေးရွာမှ ကျေးရွာသူကျေးရွာသားများနှင့်ပူးပေါင်း၍ ကောင်းမွန်သန့်ရှင်းသော သဘာဝ ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် ကျေးရွာအဝင်နှင့်ကျေးရွာအတွင်းလမ်း တစ်လျှောက်ရှိ အမှိုက်သရိုက်များကို ကောက်ယူရှင်းလင်းကာ သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြပြီး၊ သန့်ရှင်းရေးလုပ်ငန်းများအား တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်‌နေကြောင်း သိရသည်။

 

ငြိမ်းသူ            

 

74512