ရန်ကုန် ၂၅ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် (၄၂) ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစား ကစား ခန်းမ ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း(၁၁)သင်း မှ အားကစားသမားစုစုပေါင်း (၈၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံခန်းမ၌ နေ့စဉ် နံနက်(၉)နာရီတွင် ပြိုင်ပွဲများယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို အခမဲ့ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကဦးစိုးတင့်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရိုးရာခြင်းလုံး အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
အဆိုပါပြိုင်ပွဲကို ပြည်သူလူထုအတွင်း မြန်မာ့ရိုးရာခြင်းလုံးကစား တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်တိုးတက် လာစေပြီး '' ခြင်းလုံးအစ မြန်မာက'' ဆိုသည့် အယူအဆကို ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ် ရွက်ပုန်းသီး အားကစား သမားများ ပေါ်ထွက်လာစေရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
MDN


