နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (COVID-19) ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် အောင်မြင်စေရန်နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာပစ္စည်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တပ်မတော်လေယာဉ်ဖြင့် ယနေ့တွင် သွားရောက်ပေးပို့လှူဒါန်းသည်။

ရှေးဦးစွာ နေပြည်တော်လေဆိပ် ဧည့်ခန်းမဆောင်၌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ စစ်သံမှူး Sr. Col. Xiong Shawai နှင့် တာဝန်ရှိသူတို့အား တွေ့ဆုံ၍ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ့တပ်မတော်မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgicla  Masks (2 Ply) ၉၀၀၀၀၊  Type- N 95 (SM  Particulate  Respirator  Masks) ၉၀၀၀၀၊ Safety Goggles ၉၀၀၀၀ စသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထည့်ထားသည့် ဆေးပုံးများအား တပ်မတော်လေယာဉ်ပေါ်သို့ တင်ဆောင်၍ နံနက် ၈ နာရီတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ တရုတ်နိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် Joint Logistic Support Force ၊ Guiln Center ၏ နိုင်ငံရေးမှူးဖြစ်သူ Major  General  Zhang  Pingjun နှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ Major General Zhang Pingjun က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း စာလွှာနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တာဝန်ရှိသူများထံသို့   လွှဲပြောင်းပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့်အဖွဲ့သည် မြန်မာ့တပ်မတော်လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းစဉ်