နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း ၍ (၁၅) ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုကျင်းပသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့်အလုပ်သမားများ/ အလုပ်သမား အဖွဲ့အစည်းများအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် အသိအမှတ်ပြုလေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုရရှိပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အလုပ်ရှင်နှင့်အလုပ်သမား အားလုံးအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါကြောင်း။

 

ယနေ့ (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားနိုင်သည့် National Complaints Mechanism-NCM အကောင် အထည်ဖော်ဆောင်ရွက်မှု၊ TWG-LLR တွင် ဆွေးနွေးနေသည့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ (အဆိုပြုမူကြမ်း) တိုးတက်မှုတို့နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟု သိရှိရပါကြောင်း။

 

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား အကောင်အထည်ဖော်မှု၊ အမျိုးသားကော်မတီ ဖွဲ့စည်းမှုတို့ကို ဆွေးနွေးခဲ့ရာတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ILO တို့၏ အကြံပြုချက်အရ အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအခါတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရားကို စတင်လည်ပတ် ဆောင်ရွက်နေပြီဖြစ်ပြီး အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်း၍ မည်သူမဆို တိုင်ကြားနိုင်ကြောင်းကိုလည်း မီဒီယာများမှတစ်ဆင့် အများပြည်သူသို့ အသိပေးထုတ် လွှင့်လျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် ထိရောက်မှုရှိပြီး ပြည်သူက ယုံကြည်ရသည့် ယန္တရားဖြစ်ရန်နှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ILO နှင့်ပူးပေါင်း၍ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီဝင်များအတွက် Orientation Section ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ကျင်းပရန်ရှိပြီး NCM ကို တိုင်ကြားလာသည့် အဓမ္မခိုင်းစေမှုများကို လက်ခံဆောင်ရွက်မည့် သက်ဆိုင်ရာဌာနများက အရာထမ်း၊ အမှုထမ်းများကိုလည်း ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်များတွင် ILO မှ သင်တန်းများ ပို့ချပေးခဲ့ပါကြောင်း။

 

အဓမ္မခိုင်းစေမှုတိုင်ကြားမှု ယန္တရားလည်ပတ် ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် Moblie phone application နှင့် Data base ထူထောင်နိုင်ရန် အတွက်လည်း ILO က အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်လို အပ်မည်ဖြစ်ပါကြောင်း။

 

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြန်လည်ရေးဆွဲရာတွင် အလုပ်သမားများ၏ တောင်းဆိုချက်၊ အလုပ်ရှင်များ၏ လိုလားချက်များကို နိုင်ငံတော်၏ ပကတိအခြေအနေနှင့် လျော်ညီအောင် ရေးဆွဲနိုင်ရန်လိုအပ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီရန်လိုအပ်မည်ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် 10th TWG-LLR နှင့် 11th TWG-LLR တို့တွင် အချို့အချက်များကို သုံးပွင့်ဆိုင် အပြုသဘော ဆွေးနွေးသဘောတူညီချက် ရရှိခဲ့သည်ကိုသိရှိရ၍ ဝမ်းသာပါကြောင်း၊ နောက်တစ်ကြိမ် ကျင်းပမည့် 12th TWG-LLR တွင်လည်း သုံးပွင့်ဆိုင် အပြုသဘောဆောင်သည့် သဘောတူညီချက်များ ရယူနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

အလုပ်သမားအဖွဲ့ချုပ်များသည် မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကို ကိုယ်စားပြုပြီး အလုပ်သမားများ၏ကိုယ်စား ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ရခြင်းကြောင့် အဖွဲ့အစည်းများ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အလုပ်သမားများ အားလုံးက လေးစားအားထားရသည့် စံနမူနာပြအဖြစ် ရပ်တည်ပြီး အလုပ်သမားများ၏အကျိုးကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်