ရန်ကုန် ၂၅ ဖေဖော်ဝါရီ
မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ ဦးဆောင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံး ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် မြန်မာ့ရိုးရာခြင်းလုံးပညာရှင်များ ပါဝင်သော ပထမအကြိမ် မြန်မာရိုးရာခြင်းလုံး ညီလာခံကို ယနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က ဩဝါဒစကားပြောကြားကာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများက အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မြင့်ဦးက ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး ဦးဝင်းမြင့်က မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ ဦးခင်မောင်ဝင်း၊ ဦးကိုကိုကြီး၊ ဦးမောင်မောင်ရွှေနှင့် ဒေါက်တာကျော်သူရတို့က မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ အကြမ်းဖျဉ်းသတ်မှတ်ထားသော ဥပဒေများကိုတင်ပြကြကာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တက်ရောက်လာသော ကိုယ်စားလှယ်များက မြန်မာနိုင်ငံရိုးရာခြင်းလုံးအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ညီလာခံသည် ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပြောင်းလဲလာသည့်ခေတ်စနစ်နှင့် ကိုက်ညီသည့် ရိုးရာမပျက်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ခြင်းပေါက်သတ်မှတ်ချက်များကို ဝိုင်းဝန်းစုပေါင်း ဆွေးနွေးကြပြီး သင့်မြတ်မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေရေးနှင့် ရိုးရာခြင်းလုံးအားကစားနည်း ရေရှည်တည်တံ့ခိုင်မြဲ တိုးတက်စေရန်နှင့် မြန်မာ့ခြင်းလုံး အားကစား နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်MNA)/ဓာတ်ပုံ-အောင်မြင့်(ပြန်ဆက်)


