ရန်ကုန် ၂၅ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာမြှင့်တင်မှု မဟာဗျူဟာနှင့် စပ်လျဉ်း၍ (ပထမအကြိမ်) အလုပ်ရုံဆွေးနွေးပွဲမှရရှိထားသော အချက်အလက်များ အတည်ပြုချက်ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Park View Hotel ကျင်းပသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာမြှင့်တင်မှု မဟာဗျူဟာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ActionAid Myanmar တို့ပူပေါင်း၍ ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ် (ECHO) အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ရေးဆွဲလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်မှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမြို့နယ် ၃၃ မြို့နယ်ရှိသည့် အနက်မြို့နယ် ၁၆ မြို့နယ်တွင် နေထိုင်လျက်ရှိသည့် လူမှုအလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား ဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတိပေးချက်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော မေးခွန်းများကို မေးမြန်းကာ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြသည်။

 

ddd3333

 

စစ်တမ်းကောက်ယူခဲ့မှုမှ ရရှိလာသော သတင်းအချက်အလက်များ၊ တွေ့ရှိချက်များအပေါ် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ အကြုံပြုချက်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ ရရှိခဲ့သော အချက်အလက်များအား အတည်ပြုချက်ရယူနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

 

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်အဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာမြှင့်တင်မှု မဟာဗျူဟာနှင့် ပတ်သက်သော အချက်အလက်များကိုတင်ပြကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဖွဲ့ဆွေးနွေးကြသည်။

 

လူမှုကူညီကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသူက သဘာ၀ဘေးအန္တရာယ်ကျရောက်ရင် ၂၄ နာရီ ကယ်တယ်ရမယ့် အဖွဲ့ထဲမှာကျွန်တော်တို့ လည်းပါပါတယ်။ အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တဲ့အတွက် သဘာ၀ဘေးဒဏ် တကယ်ကျရောက်လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလွယ်တကူလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ဟုပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိအမြင်မြှင့်တင်ရေး မဟာဗျူဟာသည် ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူထုအသိအမြင် မြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာတစ်ခုဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ အသိအမြင်၊ နားလည်မှု၊ ကျင့်သုံးမှုများကို စနစ်တကျ ဆန်းစစ်ထားခြင်းဖြစ်ပြီး ယင်းဗျူဟာအား မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မဟာဗျူဟာကို လူ့အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၏ အတွေ့အကြုံများ၊ သက်သေများကို အခြေခံပြီး ဘက်စုံပေါင်းစည်းရေးဆွဲခြင်းဖြစ်ပြီး ထိုသို့ရေးဆွဲရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် တပ်မတော်ကိုယ်စားလှယ်များက လမ်းညွှန်အကြံပေးထားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး