မူဆယ် ၂၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူဆယ်မြို့၊ Oriental Highway ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်က ယနေ့ မွန်းလွဲ ၁ နာရီတွင် နှာခေါင်းစည်း စုစုပေါင်း ၅၀၀၀ ထောင်ကို ပေးအပ်လှူဒါန်းခဲ့ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က လက်ခံသည်။
မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာခြင်းမရှိစေရန်အတွက် ကြိုတင်ကာကွယ်မှုများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပြည်သူများထံ၌လည်း နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အလားတူ မူဆယ်မြို့၊ နယ်စပ်ဒေသ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင် တာဝန်ရှိတို့က နှစ်နိုင်ငံ၊ နယ်စပ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


