နေပြည်တော် ၂၅ ဖေဖော်ဝါရီ
ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် IOM(Myanmar) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ခေတ္တနေရပ်စွန့်ခွာသူများ၊ ယာယီခိုလှုံရေးစခန်းများရှိ လူကုန်ကူးခံရသူများ အပါအဝင် ထိခိုက်လွယ် ရွှေ့ပြောင်းသွားလာသူများအား ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရီဟိုတယ်၌ ကျင်းပသည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရည်ရွယ်ချက်မှာ ပဋိပက္ခ ဖြစ်ပွားသော ဒေသများရှိ လူကုန်ကူးခံရသူများနှင့် ထိခိုက်လွယ် ရွှေ့ပြောင်းသွားလာနေထိုင်သူများကို အရေးပေါ်ထောက်ပံ့မှုများပေးခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်းအတွက် ပံ့ပိုးကူညီခြင်း စသည့် လုပ်ငန်းများ အပါအဝင် တိုက်ရိုက်အကူအညီပေးခြင်းဆိုင်ရာ စံလုပ်ငန်း အစီအစဉ်ဖော်ထုတ်ခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် ခေတ္တနေရပ် စွန့်ခွာသူများ ယာယီခိုလှုံရေးစခန်းများမှ လူကုန်ကူးခံရသူများအတွက် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး အထောက်အပံ့ပေးခြင်းဆိုင်ရာ သင်တန်းများဆောင်ရွက်ခြင်း၊ တရားစီရင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေသူများနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများအကြား ယုံကြည်မှု ပိုမိုအားကောင်းလာပြီး လူကုန်ကူးခံရသူများအား စိစစ်ဖော်ထုတ်ခြင်းနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
ယင်းစီမံကိန်းကို အမေရိကန်သံရုံး၏ ဘတ်ဂျက်ပံ့ပိုးမှု၊ IOM (Myanmar)၏ နည်းပညာ ပံ့ပိုးကူညီမှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနများနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင် ပြည်နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့မှ ကိုယ်စားလှယ်များက စီမံကိန်းဆိုင်ရာများကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


