နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သော ဂျပန်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် “Myanmar National Symphony Orchestra Concert 2020” ဖျော်ဖြေပွဲကို ယနေ့ညနေ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးသည်။

 

အဆိုပါ ဂန္ထဝင်ဂီတဆည်းဆာ ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီးနှင့် နိုင်ငံတကာ သံတမန်များ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တေးဂီတချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 

ဖျော်ဖြေပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်း သံစဉ်တေးသွားနှင့် ဂျပန်နိုင်ငံ နိုင်ငံတော်သီချင်း သံစဉ်တေးသွားတို့ကို တီးခတ်ပြီး စတင်ဖွင့်လှစ်သည်။

 

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သည့် ဂျပန်အနုပညာရှင်များ ပူးပေါင်း၍ Emperor From the New World Trumpeter’s Lullaby Fiddle – Faddle Pomp and Circumstance Home Sweet Home စသည့် အနောက်တိုင်း တေးသွားများနှင့် ဂန္ထဝင်သံစဉ် တေးသွားများကို လည်းကောင်း၊ လူချွန်လူကောင်း၊ ဘယ်ပန်းချီရေးလို့မမှီ၊ မန်းတောင်ရိပ်ခို စသည့် မြန်မာသံစဉ်တေးသွားများကို လည်းကောင်း တီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။

 

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto ကို ဂုဏ်ပြုပန်းစည်းပေးအပ်သည်။

 

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင်၏ ဇနီး စန္ဒယားပညာရှင် Mrs. Kyoko Yamamoto ကို ဂုဏ်ပြုပန်းစည်းပေးအပ်သည်။

 

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဂျပန်ဂီတပညာရှင်များအဖွဲ့ကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့ကိုလည်းကောင်း ဂုဏ်ပြုပန်းစည်းနှင့် ပန်းခြင်းများ ပေးအပ်သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များသည် ဖျော်ဖြေတင်ဆက်သွားကြသည့် ဂီတပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

"Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ယခု ဖျော်ဖြေမှုသည် ဒုတိယကြိမ် ပူးပေါင်းဖျော်ဖြေ တင်ဆက်မှုဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်