မိုးညှင်း  ၂၆   ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာပေါင်း (၄၆)ရွာအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၄၃ ရွာအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၃)ရွာကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စုစုပေါင်း (၃၆)ရွာအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ယခုနှစ် တိုးချဲ့ဆောင်ရွက်မည့် နန့်စီးအောင်၊အင်းလေးနှင့်ရွှေလက်ပံကျေးရွာများသို့ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၃၀ဝ)စီအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

 

မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများမှ ကျေးရွာပေါင်း (၁၄) ရွာတွင် စီမံကိန်း (၃)နှစ်ပြည့် အတိုးရငွေ(၅၀ ရာခိုင်နှုန်းဖြင့်) ကွန်ကရစ် လမ်းခင်းခြင်း၊ သဲကျောက်လမ်းခင်းခြင်း၊ အများသုံး ရေတိုင်ပိုက်လိုင်းများ သွယ်တန်း တည်ဆောက်ခြင်း၊ ကျေးရွာသုံး ခန်းမဆောင်ဆောက်လုပ်ခြင်း၊ စာသင်ကျောင်းအတွင်း စက်ဘီးစတန်း တည်ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)