မယ်စဲ့ ၂၆ ဖေဖော်ဝါရီ
တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမည့် အလားအလာရှိသော တောင်စောင်းစိုက်ပျိုးရေးစနစ်ကို တောင်သူများ ကိုယ်တိုင်ကျင့်သုံး စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီး ဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်း ပပျောက်ရေး ဒေသခံတောင်သူများအား ကွင်းဆင်းအသိပညာပေးခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ များပြားသည်ကို တွေ့ရကြောင်း၊ မည်သည့်နည်းစနစ်ဖြင့် ဆောင်ရွက်လျှင် ဒေသ အတွက်၊ တောင်သူတွေအတွက် အကျိုးရှိနိုင်ပုံနှင့် တောင်သူများ ဆောင်ရွက်ရမည့် နည်းပညာများ၊ အခက်အခဲများကိုလည်း ဆွေးနွေးမေးမြန်းတင်ပြနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးယဉ်ထွန်းက တောင်ပေါ်ဒေသနေ လယ်သမားများအနေဖြင့် ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးစနစ်ကို ဆောင် ရွက်စေလိုကြောင်း၊ သမားရိုးကျ လယ်ယာလုပ်ငန်းအား ရေရှည်တည်တံ့သော နည်းပညာ၊ ဗဟုသုတများရရှိကာ ရွှေ့ပြောင်းတောင်ယာစနစ်မှ တောင်စောင်းစိုက်ပျိုးရေးစနစ်ကို ပြောင်းလဲ စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လွိုင်ကော်ခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းလင်းနိုင်က ရွှေ့ပြောင်း တောင်ယာစနစ်၏ အကျိုးဆက်ကြောင့် သစ်တောပြုန်းတီးမှုမရှိစေရေး၊ သီးနှံနှင့် သစ်တောများ ရောနှောစိုက်ပျိုးရေးကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရဲမြင့်က ဒေသခံတောင်သူများ မိရိုးဖလာ စိုက်ပျိုးခြင်းထက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲကာ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင် ရေးကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူဦးကြီးများက ဆောင်ရွက်ရမည့် နည်းပညာများ၊ ဈေးကွက်ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ပေါ်ဒေသ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးလုပ်ကိုင်သူ ဒေသခံ တောင်သူလယ်သမားများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


