မုံရွာ ၂၆  ဖေဖော်ဝါရီ    

 

မုံရွာမြို့နယ်၊ တောင်ပလူကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးသော ကြက်သွန်နီသီးနှံဓာတုလျှော့ချနည်းဖြင့် စိုက်ပျိုးသော စံပြစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းနေမှုအား ဖေဖော်ဝါရီလ(၂၅)ရက် မွန်းလွဲပိုင်းက ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးပညာရှင်များ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

ယခင်က ဓာတုဗေဒပိုးသတ်ဆေးများနှင့်သွင်းအားစုများကို အသုံးပြုစိုက်ပျိုးရာမှ ယခုနှစ်ကြက်သွန်နီ စိုက်ပျိုးရာသီတွင် ဓာတုဗေဒပိုးသတ်ဆေးများ၊ သွင်းအားစုများကို လျှော့ချသုံးစွဲပြီး သဘာဝမြေဆွေး၊ ပိုးသတ်ဆေးများကိုသာ အသုံးပြုစိုက်ပျိုးခဲ့ရာ အပင်ဖြစ်နှုန်းနှင့် ကြက်သွန်နီဥ ကြီးထွားနှုန်း ကောင်းမွန်လျက်ရှိသဖြင့် ဒေသခံတောင်သူများသိရှိပြီး ဓာတုလျော့ချစိုက်ပျိုးခြင်းစနစ်ကို ကိုယ်တိုင်စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေး ပညာရှင်များမှ အခြားဒေသရှိ တောင်သူများသို့ ပြန်လည်ရှင်းလင်းပြောကြားနိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

“ကြက်သွန်နီသီးနှံဓာတုလျှော့ချနည်းဖြင့် စိုက်ပျိုးတဲ့သီးနှံက အရည်အသွေးအာမခံချက်ရှိသလို စိုက်ပျိုးတဲ့ တောင်သူ၊ စားသုံးသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ ပိုပြီးကောင်းတယ်၊ ကုန်ကျစရိတ် သက်သာတယ်ဆိုတာကို လက်တွေ့သိရှိပြီး လိုက်နာကျင့်သုံးဖို့ ရည်ရွယ်တယ်၊ အပင်ဖြစ်ထွန်းမှု၊ ဥကြီးထွားမှုနှုန်းကလည်း ပြောစရာမရှိအောင် ကောင်းတယ်၊ အထွက်နှုန်းကတော့ အခုလက်ရှိအခြေအနေအရ ပြီးခဲ့တဲ့နှစ် အထွက်နှုန်းနဲ့ သာနိုင်မှာဖြစ်တယ်၊ အဲဒီလိုအရည်အချင်းတွေကို တောင်သူတွေကို လက်တွေ့မြင်နိုင်ဖို့အတွက် အခုလိုကွင်းသရုပ်ပြသတာဖြစ်ပါတယ်”ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။

 

ကြက်သွန်နီသီးနှံ ဓာတုလျော့ချစိုက်ခင်း ကွင်းသရုပ်ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မုံရွာမြို့နယ်အတွင်း ဆောင်းကြက်သွန်နီကို ဧက(၇၃၀ဝ)ကျော်စိုက်ပျိုးထားကြောင်း၊ ယခုဓာတု လျော့ချနည်းဖြင့် စိုက်ပျိုးသော တောင်ပလူကျေးရွာတွင် ဆောင်းကြက်သွန်နီဧက(၅၀ဝ)ကျော် စိုက်ပျိုးထားရာ ဓာတုလျော့ချစိုက်ပျိုးနည်းစနစ်ကို တောင်သူ(၇)ဦးပိုင်(၁၀)ဧကအား စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)