ကာမိုင်း ၂၆ ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး နယ်လှည့်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ထွယ်ဆန်ယန်ရပ်ကွက်ရှိအခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင် သက်ဦးက ကျောင်းသားကျောင်းသူများအား လတ်တလောဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာမဖြစ်ပွားနိုင်ရန်အတွက် လက်ကိုရေနှင့် စက္ကန့်၂၀ကြာအောင် ဆပ်ပြာဖြင့်ဆေးကြောကြရန်၊ လူအများစုရှိရာနေရာတွင် နှာခေါင်းစည်း(Mask) အသုံးပြုကြရန်နှင့် ဆောင်ရန်ရှောင်ရန်များ ကိုလည်းကောင်း၊ အသိပညာဗဟုသုတကြွယ်ဝစေရန်အတွက် စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးကိုလည်းကောင်း၊ နွေရာသီကျောင်းပိတ်သွားပါက စာကြည့်တိုက်သို့ အစဉ်အမြဲ လာရောက်ဖတ်ရှုစေလိုပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနအနေဖြင့် စာငှားစာဖတ်လာကြသည့် ကလေးငယ်များအား အခါအားလျော်စွာ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအား တိုင်းရင်းသားကလေး စာပေနှင့်ဆိုင်သော စာအုပ်များကို ဖတ်ရှုစေခြင်း၊ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါလက္ခဏာဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)