ပွင့်ဖြူ ၂၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ဂါတ်ကုန်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀ဝ)ဖြင့် တင်ဒါအောင်မြင်သည့် N.H.B.C ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တင်ဒါရရှိသည့်ကုမ္ပဏီမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းနဲ့ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာ ဒေသခံပြည်သူများ နှစ်စဉ်ကြုံတွေ့နေရတဲ့ မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေဖို့ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။ ဆောင်ရွက်ပေးမယ့် ရေထိန်းရေကာတာ လုပ်ငန်း ပမာဏကတော့ Groyne Root တည်ဆောက်ခြင်း အလျားပေ ၁၀ဝ၀၊ အနံပေ ၇၀၊ သုံးတန်းသွားကျောက်ကြီးဖြည့် အခြေထိန်း ၁၀ဝ၀ ပေနှင့် သုံးတန်းသွားမျော ကျောက်ကြီးဖြည့် ရေကာတာ ၁၀ဝ ပေ (၄)ခု တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါစနစ်နဲ့ N.H.B.C ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးဖို့နဲ့ လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခု ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ပြီးစီးသွားရင်တော့ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၂၂၅ စု၊ လူဦးရေ ၁၄၀ဝ ဦးခန့် နှစ်စဉ်ကြုံတွေ့နေရသည့် မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


