သထုံ ၂၆ ဖေဖော်ဝါရီ
မွန်ပြည်နယ် သထုံမြို့ သုဝဏ္ဏဈေးရှေ့တွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက်က သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များပူးပေါင်းကာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့ကျရေး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဝေငှပေးခြင်း ပညာပေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်များ၌ ဆိုင်ကယ်စီးဦးထုပ် မပါသောကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကို ပြည်သူများသတိပြုမိစေရန်အတွက် ယခုကဲ့သို့ ပညာပေးလှုပ်ရှားမှုကို ပူးပေါင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။
အဆိုပါ ပညာပေးလှုပ်ရှားမှုတွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ် သွားလာနေသည့် ဆိုင်ကယ်များကို ရပ်တန့်ကာ ယာဉ်အန္တရယ်လျော့ကျရေး ပညာပေးဆွေးနွေးပြီး ဆိုင်ကယ်စီးဦးထုပ် အလုံးရေ ၂၀ဝ ကျော်ကို အခမဲ့ဝေငှပေးခြင်း၊ ရောင်ပြန်စတေကာများတပ်ဆင်ပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


